လူငယ်လေး "လုထင်း" ဟာ သိုင်းပညာကို ဝါသနာမပါဘဲ ပင်ကိုယ်စိတ်သဘောထား ဖြူစင်သူဖြစ်သလို မိခင် သံမဏိယပ်တောင် "ဝမ်းလျန်"၊ ဦးလေး "ဝမ်းတု" နဲ့ အစ်ကိုတွေဖြစ်ကြတဲ့ "လုဖုံး"၊ "လုဟန်"၊ "လုခန်း"၊ "လုကျောက်" တို့အားလုံးဟာ ဓါးပြတွေအဖြစ် အသက်မွေးကြတာကို မသိတဲ့ လူငယ်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။
တစ်ရက်မှာ "မေတ္တာခြံဝန်း" ပိုင်ရှင် "ရှမ်းလွေ" ရဲ့သမီး "ရှမ်းရှမ်း" နဲ့ "လုထင်း" တို့ဆုံတွေ့မိပြီး "လုထင်း" က "ရှမ်းရှမ်း" ကို ချစ်ကြိုက်သွားတာကြောင့် မိခင်ဖြစ်သူ "ဝမ်းလျန်" က "ရှမ်းလွေ" ထံမှာ တောင်းရမ်းခဲ့ပေမယ့် ဓါးပြမိသားစုမှန်း သိတာကြောင့် "ရှမ်းလွေ" က သဘောမတူဘဲ စကားများကြရာက မိသားစု နှစ်ခု တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ "ဝမ်းလျန်" နဲ့ သား ၄ ယောက် သေဆုံးသွားသလို "ရှမ်းလွေ" လည်း သေဆုံးသွားပြီး ဦးလေး "ဝမ်းတု" နဲ့ အတူ "ကျန်းနန်နယ်" ကို ရောက်နေတဲ့ "လုထင်း" ကတော့ မိခင် ကွယ်လွန်ခါနီးအချိန်မှ အိမ်ကို ပြန်ရောက်လာခဲ့ပြီး ဒီအဖြစ်အပျက်ကို သိရှိခဲ့ပါတယ်။
အဲဒီနောက် တစ်ကောင်ကြွက် "လုထင်း" ဟာ မိခင်ရဲ့ မှာကြားချက်အရ ဖခင်ဖြစ်သူ စာပေသမား "လုယုကျင်း" ထံ သွားရောက်နေထိုင်ခဲ့ပေမယ့် ဖခင်ရဲ့ နောက်ဇနီး "မာကူး" နဲ့ သမီး "လူဝမ်းဝမ်း" တို့က မကျေနပ်ဘဲ အကောက်ကြံကြတာကြောင့် "လုယုကျင်း" က အထင်လွဲပြီး "လုထင်း" ကို နှင်ထုတ်ခဲ့ပါတယ်။
မေ့ဆေးပညာကလွဲလို သိုင်းပညာ မယ်မယ်ရရမတတ်တဲ့ "လုထင်း" တစ်ယောက် ဓါးပြမိသားစုဝင်အဖြစ် လောကထဲ အနှိမ်ခံ မျက်နှာငယ်နေရချိန်မှာ ခေါင်းဖြူထိပ်သီး "နန်းကုန်းယဥ်" ရဲ့သမီး "နန်းကုန်းယန်" နဲ့ ရွှင်ပျော်ပျော်အဖိုးအို "ကျိုသန်း" ရဲ့တပည့် "ချင်းသက်ထင်း" တို့က "လုထင်း" ဘက်က ရပ်တည်ပေးခဲ့ကြပြီး နာကျည်းစိတ်နဲ့ လမ်းလွဲရောက်မသွားအောင် ထိန်းသိမ်းပေးခဲ့ကြပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကမှာလည်း လူထူးဆန်း "ရှောင်ကေ့" ရဲ့ "သိုင်းသုံးကွက်ကျမ်း" ကို ခြေရာခံလိုက်နေကြသူတွေ အများအပြားရှိနေပြီး "ရှောင်ကေ့" ရဲ့ တပည့် ၃ ယောက်ဖြစ်တဲ့ ရွှင်ပျော်ပျော်အဘိုးအို "ကျိုသန်း"၊ ပန်းပေါင်းစုံနန်းတော်ရှင် "ချိုအင်းရှန်း" နဲ့ ခေါင်းဖြူထိပ်သီး "နန်းကုန်းယဥ်" တို့ကတော့ သိုင်းတစ်ကွက်စီ တတ်မြောက်ထားကြသူတွေဖြစ်ပါတယ်။
မိုးကြိုးလှံဂိုဏ်းချုပ် "ကျင်းခုံး"၊ သမားတော် "တန့်ဟန်" အပါအဝင် အဖြူရောင်အမည်ခံသိုင်းသမားတွေဟာ "သိုင်းသုံးကွက်ကျမ်း" ကို ရဖို့ အပြိုင်အဆိုင် အကောက်ကြံစည်နေခဲ့ကြပြီး အဲဒီ အရှုပ်အထွေးတွေကြားမှာ "လုထင်း" တစ်ယောက် မမျှော်လင့်ဘဲ ပါဝင်လာတဲ့အခါ ... ။
📚၄ အုပ်တွဲ