သိုင်းလောကမှာ ပထမဓါးသမားအဖြစ် ကျော်ကြားနေတဲ့ "ကျင်းလီ" ရဲ့ ညီမဖြစ်သူ "ကျင်းကျင်း" ကို ကျားခံတပ်ပိုင်ရှင် "လုံအိချိ" ရဲ့သား "လုံစန်း" က ခြေတော်တင်ဖိုကြိုးစားခဲ့တဲ့အတွက် "ကျင်းလီ" က "လုံစန်း" ကို သုတ်သင်ပစ်ခဲ့ရာက အစပြုပြီး "လုံအိချိ" ဟာ "ကျင်းလီ" ကို အငြိုးထားခဲ့ပါတယ်။
အဲဒီနောက် မြေလတ်ဒေသက အာမခံဌာနပေါင်းများစွာဟာ တိုက်ခိုက် လုယက် သတ်ဖြတ်မှုကို ခံခဲ့ရပြီး ဒီလုပ်ရပ်ကို ဓါးသမား "ကျင်းလီ" ကျူးလွန်ခဲ့ကြောင်း ယုံကြည်ကြသူတွေ ရှိသလို စစ်တုရင်ဝိဇ္ဇာ "အိဖုန်း"၊ လူပျော်ကြီး "ဝမ်းရှု"၊ ရှောင်လင်ကျောင်း ဆရာတော် "မုကျိ" တို့လို ထိပ်သီးသိုင်းပညာရှင်တချိုကလည်း ဒီလုပ်ရပ်ကို ဓါးသမား "ကျင်းလီ" မကျူးလွန်ကြောင်း ယုံကြည်ကြပါတယ်။
ဒါပေမဲ့ သိုင်းလောကမှာ လူပြောများလာတဲ့အတွက် ဓါးသမား "ကျင်းလီ" လည်း အငြိမ်မနေနိုင်တော့ဘဲ လက်သည်တရားခံကို ရှာဖွေခဲ့ရာမှာ ကံဆိုးစွာ "လုံအိချိ" ရဲ့ ထောင်ချောက်ထဲ ကျရောက်ခဲ့ရတဲ့အတွက် တရားခံအဖြစ် လက်တစ်ဖက် အဖြတ်ခံခဲ့ရပြီး "စုသန်း" နဲ့ "မေစန်း" တို့ မြေးအဖိုး ရဲ့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ် ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ "ပထမဓါးဘွဲ့" ကို ရယူချင်သူ လူငယ်သိုင်းသမားတစ်ဦးဖြစ်တဲ့ ဓါးနှစ်လက် "ထိခုံး" ဟာ ဓါးပညာယှဥ်ပြိုင်ဖို့ "ကျင်းလီ" ကို လိုက်လံရှာဖွေရင်း "ကျင်းလီ" ရဲ့သတင်းဆိုးတွေကို ကြားသိခဲ့ရပေမယ့် အပြစ်မရှိကြောင်း ယုံကြည်ခဲ့သလို "ကျင်းလီ" ရဲ့ညီမ "ကျင်းကျင်း" နဲ့ ဆုံတွေ့ မေတ္တာမျှခဲ့ပြီးနောက်မှာတော့ အဖြစ်မှန်ကို သိရှိသွားခဲ့ပါတယ်။
ဒါကြောင့် "ကျင်းလီ" အတွက် မခံမရပ်နိုင်တဲ့ "ထိခုံး" ဟာ ကျားခံတပ်ပိုင်ရှင် "လုံအိချိ" ကို သွားရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်သေဆုံးခဲ့ရသလို "ကျင်းလီ" ရဲ့ မိတ်ဆွေကြီး စစ်တုရင်ဝိဇ္ဇာ "အိဖုန်း" ဟာလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း "လုံအိချိ" ရဲ့လက်မှာ အသက်ပေးခဲ့ရပြီးနောက်မှာတော့ ... ။
(တချိန်က နှစ်နှစ်ခြိုက်ခြိုက် ကြည့်ခဲ့ရတဲ့ လက်တစ်ဖက်ပြတ်ဓါးသမား "ဒေးဗစ်ချန်း" နဲ့ "တီလုံး" တို့ရဲ့ "The New One Armed Swordsman (1971)" ရုပ်ရှင်ကို သိုင်းလောကသားတွေ မှတ်မိကြပါလိမ့်မယ်။ "မိုးကျော်သူ" ရဲ့ "ဓါးသုံးကွက်"၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ အဲဒီ ရုပ်ရှင်နဲ့ ဇာတ်လမ်း ဇာတ်ကွက် တူညီပါတယ်။)
📚 ၂ အုပ်တွဲ