ပထမဓါး "မုယုံချန်း"၊ ပညာရှိ "ဝမ်းလီ"၊ ဗျိုင်းဖြူ "ယိုဟုန်"၊ မျက်ပြူး "ကျောက်စု"၊ သူဌေးကြီး "ယင်းလု"၊ ငွေမင်းသား "ကျောင်းစုအိမ်" နဲ့ မင်းသားလေး "ဟွာကိုဖုံး" တို့ဟာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြပေမယ့် ဝံသူတော် "ရှောင်ဖုံး" ရဲ့ "ဝံပုလွေသိုင်းကျမ်း" ကြောင့် စိတ်ဝမ်းကွဲပြီး ရန်သူတွေ ဖြစ်လာရပါတယ်။
အနက်ရောင်သိုင်းသမားတစ်ဦးဖြစ်တဲ့ ဝံသူတော် "ရှောင်ဖုံး" ကို ပထမဓါး "မုယုံချန်း" က ရှင်းလင်းသုတ်သင်ခဲ့ပြီးနောက် "ရှောင်ဖုံး" ရဲ့ "ဝံပုလွေသိုင်းကျမ်း" ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မဖျက်ဆီးပစ်မီမှာ သားဖြစ်သူ "မုယုံစိမ်း" ကို သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သိုင်းကျမ်းကို လိုချင်နေတဲ့ ငွေမင်းသား "ကျောင်းစုအိမ်" ဦးဆောင်တဲ့ မိတ်ဆွေတစ်သိုက်ရဲ့ အကောက်ကြံမှုကို ခံခဲ့ရပါတယ်။
အများနဲ့တစ်ယောက် တိုက်ပွဲမှာ "မုယုံချန်း" ကျဆုံးသွားခဲ့သလို သိုင်းကျမ်းနဲ့အတူ ထွက်ပြေးခဲ့တဲ့ "မုယုံစိမ်း" လည်း ချောက်ထဲပြုတ်ကျသွားပြီး သိုင်းသမားကြီး "စန့်ကွမ်းရှောင်ချင်း" ရဲ့ လျှို့ဝှက်လိုဏ်ဂူထဲကို ရောက်ရှိသွားခဲ့ပါတယ်။
အဲဒီလိုဏ်ဂူထဲမှာ "အဖိုးတန်ဓါး" နဲ့ လိုရာဆုတောင်း ၃ ခု ပြည့်စေတယ်လို နာမည်ကြီးနေတဲ့ "ဆုတောင်းသုံးခု နန်းတော်" ရဲ့ မြေပုံကို ရရှိခဲ့တဲ့အတွက် မုယုံစိမ်း လည်း မြေပုံအတိုင်း ခရီးထွက်ခဲ့ပါတယ်။
လမ်းခရီးမှာ အဆိပ်မိနေတဲ့ ရွှေဆံထိုးမယ်တော် "ကျင်းကူး"၊ အောက်ပိုင်းသေနေတဲ့ သိုင်းဆရာ "တင်းချူး" တို့နဲ့ ဆုံတွေ့သိကျွမ်းခဲ့ပြီးနောက် သူတို့ရဲ့ ရောဂါတွေ ပျောက်ကင်းသွားဖိုအတွက် "ဆုတောင်းသုံးခု နန်းတော်" မှာ ဆုတောင်းပေးမယ့်အကြောင်း "မုယုံစိမ်း" က ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ကောင်းရှိလှတဲ့ မုယုံစိမ်း တစ်ယောက် သူ့အတွက်ချန်ထားတဲ့ နောက်ဆုံးဆုတောင်း တစ်ခုကိုပါ စိတ်ဝေဒနာခံစားနေရတဲ့ အနာကြီးရောဂါသည် အကျည်းတန်မလေးအတွက် ဆုတောင်းပေးခဲ့တဲ့အခါမှာတော့ ... ။
📚 လုံးချင်း