"တုအင်းဟောင်" ဟာ လူစွမ်းကောင်းဖြစ်ချင်တဲ့ သာမန် အလုပ်ကြမ်းသမားတစ်ယောက်ဖြစ်ပြီး သိုင်းပညာလည်း တတ်မြောက်ထားသူ မဟုတ်ပါဘူး။
ဒါပေမဲ့ ကြီးမားတဲ့ ခွန်အား၊ လျှင်မြန်မှုနဲ့ ဉာဏ်ပညာကို အသုံးချပြီး ရန်ပွဲတွေမှာ အနိုင်ယူနိုင်ခဲ့တာကြောင့် ဆိပ်ကမ်းအလုပ်သမား ငါးယောက် ပါဝင်ဖွဲ့စည်းထားတဲ့ "နတ်နဂါးဂိုဏ်း" ရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။
မိမိရဲ့ အခြေအနေမှန်ကို သိထားတဲ့ "တုအင်းဟောင်" ဟာ သိုင်းပညာကို အမှန်တကယ်တတ်မြောက်ချင်တဲ့အတွက် သိုင်းသင်တန်းပေါင်းစုံကို သွားတက်ခဲ့ပေမယ့် ငွေကြေးမရှိတဲ့အတွက် ဘယ်သူ့ဆီကမှ သိုင်းပညာ သင်ကြားခွင့် မရခဲ့ပါဘူး။
တစ်ရက်မှာတော့ လောင်းကစားဝိုင်းမှာ အကြွေးတင်မိခဲ့တာကြောင့် "နွေဦးဂေဟာ" ရဲ့ အစောင့်အကြပ်အဖြစ် လုပ်ကိုင်ရင်း အကြွေးဆပ်နေခဲ့ရာက စုံစမ်းထောက်လှမ်းရေးသမားတွေဖြစ်တဲ့ "ကျိဖန်း"၊ "ချေးလောက်ကျ" တို့နဲ့ ဆုံမိခဲ့ပြန်ပါတယ်။
"တုအင်းဟောင်" ဟာ သိုင်းပညာမတတ်ပေမယ့် ကံတရားရဲ့ ဖေးမမှု၊ ဉာဏ်ကို အသုံးချတတ်မှုတွေကြောင့် နာမည်ကျော်သိုင်းသမားတွေကို ဆက်တိုက်အနိုင်ယူနိုင်ခဲ့ပြီး ကျော်ကြားလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ လူစွမ်းကောင်းကြီး "တုအင်းဟောင်" ဟာ နာမည်ကျော် ဒုစရိုက်သမားဖြစ်တဲ့ မြို့စားကျေးရွာပိုင်ရှင် "ကျောက်ယုံ" ကို ရင်ဆိုင်ဖို့ ခရီးထွက်ခွာရင်း သူ့ကို စောင့်ကြို လုပ်ကြံကြတဲ့ "ဆွေချင်းချင်း"၊ "ရွက်ဝါ" ကြေးစား အမျိုးသမီးနှစ်ယောက်ကိုလည်း ဉာဏ်ပညာနဲ့ပဲ အနိုင်ယူကာ တပည့်အဖြစ် သိမ်းသွင်းနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ "တုအင်းဟောင်" ဟာ "မြို့စားကျေးရွာ" ကို ဖြိုခွဲနိုင်ခဲ့သလို "ဝူတန်ဂိုဏ်း"၊ "ရှောင်လင်ဂိုဏ်း" စတဲ့ သိုင်းဂိုဏ်းတွေနဲ့ပါ ထိပ်တိုင်ရင်ဆိုင်မိခဲ့ပေမယ့် ထုံးစံအတိုင်း ဉာဏ်ပညာကို အသုံးပြုနိုင်ခဲ့တာကြောင့် "လုရှောင်အင်း" နဲ့ "တုယိုဝါ" အမည်ရှိ မိန်းကလေးနှစ်ယောက်ကိုပါ အဖွဲ့ဝင်အဖြစ် ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်ရက်မှာတော့ လူစွမ်းကောင်းကြီး တုအင်းဟောင် တစ်ယောက် ရေချိုးခန်းသွားရင်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားတဲ့အခါ မိန်းကလေးတစ်သိုက်မှာ စိုးရိမ်ပူပန်နေခဲ့ရပြီး ... ။
📚၄ အုပ်တွဲ