ဆိုးသွမ်းသောင်းကျန်းနေတဲ့ "ပြည်မသိုင်းသမားကိုးယောက်" အဖွဲ့က နုတ်ထွက်ပြီး အေးအေးချမ်းချမ်း ဘဝသစ်ထူထောင်နေတဲ့ "စင်းဖိန်ကျူး" နဲ့ "စင်းရီ" တို့ ဇနီးမောင်နှံကို "ပြည်မသိုင်းသမားကိုးယောက်" အဖွဲ့ ဦးဆောင်သူ နှစ်ဦးဖြစ်တဲ့ "ကျောက်ဝါး" နဲ့ "ကျောက်လော" တို့က လိုက်လံရှာဖွေ သတ်ဖြတ်ခဲ့ပေမယ့် သားဖြစ်သူ "စင်းကျဲ" ကိုတော့ နွားတစ်ကောင်ရဲ့ကျောပေါ်တင်ပေးပြီး မောင်းလွှတ်ခဲ့ပါတယ်။
"ဝူးဝါးတောင်" ပေါ်မှာ သိုင်းဂိုဏ်းချုပ် ၅ ယောက်ရဲ့ ကောက်ကျစ်စွာ ဝိုင်းဝန်းလုပ်ကြံမှုကို ခံခဲ့ရတဲ့ ခုနစ်စင်ကြယ်ဓါးသမား "မေဆန်လင်း" နဲ့ အသက်ဘေးက လွတ်မြောက်လာတဲ့ "စင်းကျဲ" တို့ မမျှော်လင့်ဘဲ တွေ့ဆုံကြတဲ့အတွက် "မေဆန်လင်း" က "စင်းကျဲ" ကို မြေအောက်ခန်းထဲမှာ ၁၀ နှစ်တိတိ သိုင်းပညာ သင်ကြားပေးခဲ့ပြီး "ခုနစ်စဥ်ကြယ်သိုင်းသမား" အဖြစ် သူ့ရဲ့အမွေကို ဆက်ခံစေခဲ့ပါတယ်။
အဲဒီနောက် "စင်းကျဲ" ဟာ သိုင်းလောကထဲကို သိုင်းပညာမတတ်တဲ့ ကုန်သည်တစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပြီး ဆရာဖြစ်သူ "မေဆန်လင်း" ကို ဝိုင်းဝန်းလုပ်ကြံခဲ့ကြတဲ့ "ဝူတန်ဂိုဏ်း" အပါအဝင် ဂိုဏ်းကြီး ၅ ဂိုဏ်းကို အချင်းစိတ်ဝမ်းကွဲပြားအောင် လုပ်တဲ့နည်းနဲ့ စတင်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့အကြံအစည်တွေကို အကောင်အထည် မဖော်ရသေးခင်မှာပဲ အဆိပ်ဘုရင် "ကျင်းထိမင်း" ရဲ့ တပည့် "ကျင်းချီ" ရဲ့လက်ချက်နဲ့ အဆိပ်မိခဲ့ရတဲ့အတွက် "ကျင်းထိမင်း" ရဲ့ မွေးစားသမီး "မေလင်း" က ကယ်တင် အဆိပ်ဖြေပေးခဲ့ပြီး သူတို့နှစ်ဦးလည်း ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ဆရာဖြစ်သူ "မေဆန်လင်း" နဲ့ ရန်ငြိုးရှိနေတဲ့ သိုင်းပါရဂူ "အူအင်စိန်" က "စင်းကျဲ" ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် "စင်းကျဲ" လည်း "အူအင်စိန်" ရဲ့ ရွက်လှေနဲ့ "အရှေ့ကျွန်း" ကို ပါသွားခဲ့ပြီး လမ်းခရီးမှာ "အူအင်စိန်" ရဲ့သမီး "ချန်ချင်း" က ကြိုးစား ကယ်တင်ပေးပေမယ့် မလွတ်မြောက်ခဲ့ပါဘူး။
ကံကောင်းချင်တော့ "အရှေ့ကျွန်း" ကို မရောက်ခင် ဓါးပြတွေလက်ချက်နဲ့ ရွက်လှေပျက်စီးသွားရာက "စင်းကျဲ" တစ်ယောက် "တာ့ကျိကျွန်း"ကို မျောပါရောက်ရှိသွားခဲ့ပြီး "ထင်ဝမ်းအဖိုးအို" နဲ့ "သီလရှင် ဝေ" တို့ရဲ့ သိုင်းပညာတချို့ ရခဲ့တဲ့အပြင် လှေတစ်စင်းနဲ့ ပြည်မကို ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "စင်းကျဲ" ဟာ ခုနစ်စဥ်ကြယ်ဓါးသမားအဖြစ် လှုပ်ရှားရင်း သူ့လိုပဲ ဖခင်ရဲ့ သွေးကြွေးကို ပြန်ဆပ်ဖို့ ကြိုးစားနေတဲ့ "ဝူးချောင်းရင်း" ရဲ့သား "ဝူးလင်ဖုံး" နဲ့ မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။
"ဝူးလင်ဖုံး" ရဲ့ဖခင် "ဝူးချောင်းရင်း" နဲ့ "စင်းကျဲ" ရဲ့ဆရာ "မေဆန်လင်း" တို့ဟာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြသလို "စင်းကျဲ" နဲ့ "ဝူးလင်ဖုံး" တို့ဟာလည်း အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာကြပြီး ဂိုဏ်းကြီး ၅ ဂိုဏ်းရဲ့ မတရားတဲ့လုပ်ရပ်ကို အတူတကွ ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ... ။
("မိုးကျော်သူ" ရဲ့ "ခုနစ်စဥ်ကြယ်ဓါး"၊ ၆ အုပ်တွဲသိုင်းစာစဥ်ဟာ "ဝဏ္ဏအောင်" ရဲ့ "မိုးသောက်နေဝင် သိုင်းသခင်"၊ ၄ အုပ်တွဲသိုင်းစာစဥ် နဲ့ ဇာတ်ကောင်အမည်သာ ကွဲပြားပြီး ဇာတ်လမ်းဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "မိုးသောက်နေဝင် သိုင်းသခင်" ကို ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ခုနစ်စဥ်ကြယ်ဓါး" ကိုတော့ ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၆ အုပ်တွဲ