"ကျားပျံ" သယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင်ရှင် "လွေထျန်းခုံ" နဲ့ "မိန်ရိလျှံ" တို့ ဇနီးမောင်နှံ ဟာ "ခြင်္သေ့ဂေဟာ" ရဲ့ အလုပ်အပ်နှံမှုကြောင့် "သေတ္တာပြားလေးတစ်လုံး" ကို "စူးကျူးမြို" က ရွှေကျာပွတ် "ဟန်စွန်း" ထံသွားရောက်ပို့ဆောင်ခဲ့ပါတယ်။
အဲဒီလို ပို့ဆောင်ရာမှာ "သေတ္တာ" ကို ကြားဖြတ်လုယက်ကြတဲ့ "ပျံလွှားဂိုဏ်း"၊ "ထိုက်ချိဂိုဏ်း"၊ "ရွှေခေါင်းရိုး"၊ "ယာမမင်း စိန်လိန်" စတဲ့ သိုင်းလောကသားတွေကို ကျော်ဖြတ်ကာ "ဟန်စွန်း" လက်ထဲ ထည့်နိုင်ခဲ့ပေမယ့် သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ "ဟန်စွန်း" ရဲ့သား "ဟန်စိမ်း" ဦးခေါင်းပြတ် ဖြစ်နေတဲ့အတွက် အထင်မှား တိုက်ခိုက်မှုတွေဖြစ်လာပြီး "မိန်ရိလျှံ" သေဆုံးသွားခဲ့ပါတယ်။
တကယ်တော့ ဒီပြသနာတွေ ဖြစ်လာဖို့ ဖန်တီးသူဟာ "လွေထျန်းခုံ" တို့ဇနီးမောင်နှံ ခရီးစတင်ထွက်ခွာလာတာနဲ့ တပြိုင်နက် "အဖိုးတန်သိုင်းကျမ်း" သယ်ဆောင်လာကြောင်း သိုင်းလောကမှာ သတင်းမှား ဖြန့်ခဲ့သလို "လက်ခြောက်ချောင်း ယက္ခ" ရဲ့ နာမည်ကို အလွဲသုံးစားပြုလုပ်ပြီး ရွှေကျာပွတ် "ဟန်စွန်း" ကို သတ်ဖြတ်ခြင်း၊ "လွေထျန်းခုံ" ရဲ့ သား "လွေလင်" ကို ဖမ်းဆီးခြင်း ပြုလုပ်ကာ သိုင်းဂိုဏ်းကြီးတွေ အချင်းချင်း "နတ်ဘီလူးတောင်ထိပ်" မှာ ချိန်းဆို တိုက်ခိုက်မှုတွေဖြစ်လာဖို့ ရန်တိုက်ပေးခဲ့တာ ဖြစ်ပါတယ်။
ထူးခြားတဲ့ "နဂါးစောင်းသံရှင်" ဟာ ဒီဖြစ်ရပ်တွေကို နောက်ကွယ်က ကြိုးကိုင်ဖန်တီးနေသူ ဖြစ်နိုင်ကြောင်း သဲလွန်စ ရလာတဲ့ ဘီလူးနဂါး "ထန်စင်" နဲ့ သားသမီးတွေဖြစ်တဲ့ "ထန်ရက်ဟွာ" နဲ့ "ထန်ရိဟွေ့" တို့ မောင်နှမဟာ တိုက်ခိုက်မှုတွေ ဖြစ်မလာစေဖို့ တားဆီးကြပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ "နတ်ဘီလူးတောင်ထိပ် တိုက်ပွဲ" မှာ ဟင်္သာမယ် "ကုန်စွန်မေ"၊ "လွေထျန်းခုံ"၊ သိမ်းငှက်နီ "ကုန်းလု"၊ "လက်ခြောက်ချောင်း ယက္ခ" တို့သေဆုံးသွားခဲ့ကြသလို "လွေလင်" ဟာလည်း "သေတ္တာပြား" နဲ့ လဲလှယ်ရာမှာ အသုံးချဖို့အတွက် "ယာမမင်း စိန်လိန်" ရဲ့"ငရဲနန်းတော်" မှာ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။
ဒါပေမဲ့ "ထန်ရက်ဟွာ" ဟာ အရုပ်ဆိုးပေမယ့် စိတ်ထားဖြူသူ "ငရဲတမန်" ရဲ့ အကူအညီ နဲ့ "လွေလင်" ကို "ငရဲနန်းတော်" က ကယ်ထုတ်နိုင်ခဲ့သလို ခန့်ချောမျက်နှာ "တုံပိုက်" ရဲ့ ဖော်ထုတ်ပေးမှုကြောင့် ဒီအဖြစ်အပျက်တွေရဲ့ တရားခံဟာ "နဂါးစောင်းသံရှင်" ဖြစ်ကြောင်း သိုင်းလောကသားတွေ သိရှိသွားခဲ့ကြပြီး "လွေလင်" လည်း "တုံပိုက်" ရဲ့ တပည့် ဖြစ်လာခဲ့ကာ "ထန်ရက်ဟွာ" နဲ့ သံယောဇဥ် ငြိတွယ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဖခင်သေဆုံးမှုတွေအတွက် အခဲမကြေနိုင်ဖြစ်နေကြတဲ့ "လွေထျန်းခုံ" ရဲ့ သား "လွေလင်" နဲ့ "ဟန်စိမ်း" ရဲ့ သမီး "ဟန်အာရှာ" တို့ဟာ သင်္ဘောတစ်စီးပေါ်မှာ တိုက်ခိုက်ကြရင်း သင်္ဘောပျက်ပြီး "လွေလင်" က "ကျောက်နက်ကျွန်း" မှာရှိတဲ့ "သံမဏိလက်ချောင်း" သိုင်းပညာ ရရှိခဲ့သလို "ဟန်အာရှာ" ကလည်း "ကျောက်ဖြူကျွန်း" မှာရှိတဲ့ "မိုးကြိုးလက်ဝါး" သိုင်းပညာကို ရရှိခဲ့ကာ ၂ နှစ်ကျော် ကြာမြင့်ပြီးတဲ့အခါမှ သူတိုနှစ်ယောက်ဟာ ပြည်မ ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
ပြည်မ ကို ပြန်ရောက်ပြီးနောက် "ရုပ်ဆိုးခြောက်ဖော်" နဲ့ ဆုံဆည်းမိရာက "နဂါးစောင်းသံရှင်" ဟာ "ရုပ်ဆိုးခြောက်ဖော်" ထဲမှာ အပါအဝင်ဖြစ်ခဲ့ဖူးသူ "ဝမ်ဆုံ" ဖြစ်ကြောင်း သိလိုက်ရသလို "လွေလင်" ရောက်လာတာကြောင့် ဆရာဖြစ်သူ "တုံပိုက်" နဲ့ "ထန်ရက်ဟွာ" တို့ လက်ထပ်ပွဲပျက်သွားခဲ့ပါတယ်။
အဲဒီနောက် "လွေလင်" ဟာ အချစ်ရေးကို ခေတ္တဘေးဖယ်ကာ "နဂါးစောင်းသံရှင်" ကို နှိမ်နင်းနိုင်မယ့် "မီးမြား" နဲ့ "မိုးကြိုးသွားလေး" ကို ရှာဖွေရင်း သူ့ကို ချစ်နေသူ "ဟွမ်မုဟန်"၊ သူက ချစ်နေသူ "ထန်ရက်ဟွာ" တို့နဲ့ မေတ္တာရေး အရှုပ်အထွေးကြားမှာ အခက်အခဲမျိုးစုံ ကျော်ဖြတ်ခဲ့ကြပြီးနောက် ... ။
("တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "ကျားရဲမာန်စွယ်"၊ ၈ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "လက်ချောင်းပွားနှင့် စောင်းတော်ရှင်"၊ ၆ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်ကောင်အမည်နဲ့ ဇာတ်လမ်း ဇာတ်ကွက် အနည်းငယ်ကလွဲလို့ အတူတူပဲ ဖြစ်ပါတယ်။)
📚 ၈ အုပ်တွဲ