"ကျင်လင်" မြို က သမားတော်ကြီး "ယိတုကျင်းကျက်" ဟာ သေလုမြောပါး ဒဏ်ရာရလာတဲ့ "ခွန်လွန်ဂိုဏ်း" က သံဆူးပျံ "ချန်ပိ" ကို ကယ်တင်ခဲ့တဲ့အတွက် "ချန်ပိ" က ကျေးဇူးဆပ်တဲ့အနေနဲ့ နေရပ်မပြန်တော့ဘဲ "ယိတုကျင်း" ရဲ့သား "ယိတုယိ" နဲ့ သမီး "ယိတုဖန်း" တို့ကို စာသင်ကြားပေးကာ အတူတကွနေထိုင်ခဲ့ပါတယ်။
အဲဒီလိုနေထိုင်ရင်း မမျှော်လင့်ဘဲ "နဂါးပျံဂေဟာ" ရဲ့ ရန်ငြိုးဖွဲ့သတ်ဖြတ်မှုကြောင့် မိဘနှစ်ပါး သေဆုံးခဲ့ရသလို ညီမလေး "ယိတုဖန်း" ဟာလည်း ပျောက်ဆုံးသွားခဲ့ပြီးနောက် အားကိုးမဲ့သွားတဲ့ "ယိတုယိ" ဟာ သိုင်းပညာသင်ကြားဖို့ သူ့ကို သဘောကျပြီး "ဝါးစိမ်းအမိန့်ပေးပြား" ပေးခဲ့ဖူးသူ ဝမ်စမ်းတောင်နတ်အိုကြီး "ထင်ယိ" ရှိရာ "ဝမ်စမ်းတောင်" ကို "ချန်ပိ" နဲ့အတူ ထွက်လာခဲ့ပါတယ်။
ငယ်စဥ်ကတည်းက "ဂျင်ဆင်းဆေးဂမုံး" စားမိလို့ စွမ်းရည်မြင့်မားနေတဲ့ "ယိတုယိ" ဟာ "သိဒ္ဓိမြူတေတောင်ကြား" က "သိဒ္ဓိသြဇာသီး" ကို ကံကောင်းထောက်မစွာ စားခဲ့ရတဲ့အပြင် ထိပ်တန်းသိုင်းပညာရှင်ကြီးတွေဖြစ်တဲ့ ဝမ်စမ်းတောင်နတ်အိုကြီး "ထင်ယိ" နဲ့ ကျိုဝှာဂိုဏ်းချုပ် "ရှန်ကျင်း" တို့ရဲ့ တပည့်ဖြစ်ခွင့်ရခဲ့ပါတယ်။
သူတို့ဆီက အဆင့်မြင့်သိုင်းပညာတွေကို ၁၀ နှစ်ကြာ သင်ကြားခဲ့ပြီးနောက် သိုင်းလောကထဲ မဆင်းခင်လေးမှာ "ရှန်ကျင်း" ရဲ့ မြေးတွေဖြစ်တဲ့ "ရှန်ချုံ" နဲ့ "ရှန်ဟင်" တို့နဲ့ ချစ်သူတွေ ဖြစ်ခဲ့သလို အဖြူရောင်သိုင်းသမားတစ်ဦးအဖြစ် မကောင်းသူပယ် ကောင်းသူကယ်ရင်း "ဟင်္သာဂေဟာ" က ရေသူမ "တောက်ရှောင်ဖုန်း"၊ "ဟန်ကျူ" နယ်က "ဟုန်ရိဟွာ"၊ နှင်းဖြူမယ် "ဟောက်ချင်ချင်"၊ ဝမ်းကွဲအစ်မ "ကျင်းစူးဖုန်း"၊ တုံထိန်ရေကန်ရိပ်သာ သခင်မလေး "ယီလိရှ" တို့နဲ့ ဖူးစာဆုံခဲ့ပြီး ကွဲကွာနေတဲ့ ညီမရင်းဖြစ်သူ "ယိတုဖန်း" နဲ့လည်း ပြန်ဆုံခဲ့ပါတယ်။
"ယိတုယိ" ဟာ "နဂါးနီလိုဏ်ဂူ" ထဲက နဂါးနိုင် "ဝမ်လီစူး" ရဲ့ သိုင်းပညာကို ထပ်မံရရှိခဲ့ပြီးနောက် "နဂါးမယ် ခုနစ်ဖော်" အဖြစ်ထင်ရှားလာတဲ့ ဇနီးလောင်း ၇ ယောက်နဲ့အတူ သိုင်းလောကမှာ ကျင်လည်ရင်း အများကောင်းကျိုး ဆောင်ရွက်ခဲ့ပေမယ့် အနက်ရောင်သိုင်းသမားတွေရဲ့ ရန်ငြိုးထားခြင်းကိုလည်း ခံခဲ့ရပါတယ်။
"ဝှာဆန်းဂိုဏ်း" က "ဖုန်ကိန်စိန်" ရဲ့အကောက်ကြံမှုနဲ့ "ညောင်အိုလိုဏ်ဂူ" ထဲ ပိတ်မိနေခဲ့သလို "ပန်းတစ်ရာရိပ်သာ" ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးမှုလည်း ကြုံခဲ့ရပေမယ့် ရုန်းထွက်နိုင်ခဲ့ပြီး အင်အားကြီး "မိုးနဂါးဂိုဏ်း" နဲ့ ရင်ဆိုင်ရတဲ့အခါ ... ။
📚 ၆ အုပ်တွဲ