ပညာရှင်ကြီး "ကုန်းစွန်းစု" တီထွင်ခဲ့တဲ့ "မရဏပလွေ" နဲ့ "စိတ်ညှိနတ်စောင်းသံ ပညာကျမ်း" ကြောင့် သာမန်သိုင်းသမား "ချိုဝူကျိ" ဟာ "သိုင်းဧကရာဇ်ဘွဲ့" ကို ရခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သလို ဒီရတနာပစ္စည်း ၂ မျိုးကို လိုချင်တဲ့ "ဝူတန်ဂိုဏ်း" က အကျင့်ပျက်ရသေ့ "ချင်းဟုန်" ရဲ့အကောက်ကြံတိုက်ခိုက်မှုကြောင့်လည်း အသက်သေဆုံးခဲ့ရပါတယ်။
ဒါပေမဲ့ "ချင်းဟုန်" ဟာ ရတနာပစ္စည်း ၂ မျိုးအထဲက "မရဏပလွေ" ကိုပဲ ရရှိခဲ့ပြီး ကျန်တဲ့တစ်မျိုးက ချောင်းရေနဲ့အတူ "ကောက်ကျင်းနယ်" ထဲ မျောပါသွားတဲ့အတွက် "ချင်းဟုန်" လည်း လိုက်လံရှာဖွေရင်း ငှက်ဖျားမိကာ သေဆုံးသွားခဲ့ပါတယ်။
မသေဆုံးမီမှာ နောင်တရသွားတဲ့ "ချင်းဟုန်" က ရတနာပစ္စည်း ၂ မျိုးလုံး ပြန်လည်ရရှိအောင် ရှာဖွေပြီး "ချိုဝူကျိ" ရဲ့ မျိုးဆက်တွေလက်ထဲ ပြန်ထည့်ပေးဖို့ မိတ်ဆွေဖြစ်သူ လေဝဲစွန် "ဝါးကျောက်လုံ" ကို မှာကြားခဲ့တဲ့အတွက် "ဝါးကျောက်လုံ" လည်း "စိတ်ညှို့နတ်စောင်း" ကို လိုက်လံရှာဖွေခဲ့ပါတယ်။
"စိတ်ညှို့နတ်စောင်း" ကို ရှာမတွေ့သေးခင်မှာပဲ ကိုးတောင်ကျား "သုကျန်း"၊ "အသားမည်း" နဲ့ "အရှေ့ဓါးသမား" တို့ပူးပေါင်းပြီး "ဝါးကျောက်လုံ" ကို သတ်ဖြတ်ကာ "မရဏပလွေ" ကို လုယူသွားခဲ့သလို "သုကျန်း" လက်ထဲက "မရဏပလွေ" ကိုလည်း "ရှောင်လင်ဂိုဏ်း" အပါအဝင် ဂိုဏ်းကြီး ၉ ဂိုဏ်းက သိုင်းသမားတွေက ဝိုင်းဝန်းလုယက်ကြပြန်ပါတယ်။
ဒီလိုနဲ့ "မရဏပလွေ" ဟာ "ဘီလူးဖြူ၊ ဘီလူးမည်း" ညီနောင် လက်ထဲ ရောက်ရှိသွားခဲ့ပြီး "ဘီလူးဖြူ၊ ဘီလူးမည်း" ညီနောင်လည်း "မရဏပလွေ" အတွက် အချင်းချင်း တိုက်ခိုက်ကြရင်း နှစ်ဦးလုံးသေဆုံးသွားခဲ့ကြပြီးတဲ့နောက် သိုင်းလောဘသားတွေ အဆင့်ဆင့် လုယက်တိုက်ခိုက်ကြရင်း "မရဏပလွေ" ဟာ သိုင်းလောကထဲ ဟိုဒီ ဝဲလည်နေခဲ့ပါတယ်။
ဖခင်သေဆုံးသွားပြီးနောက် တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ "သုကျန်း" ရဲ့သား "သုထင်းဖုံး" ဟာ ချစ်သူ ရဲ့သစ္စာဖောက် စွန့်ပစ်မှုကို ခံခဲ့ရတဲ့အတွက် မိန်းမတွေကို မုန်းတီးနေသူဖြစ်ပြီး သူဟာ သိုင်းကွက်တွေကို တစ်ကြိမ်မြင်ဖူးရုံနဲ့ မှတ်မိနိုင်တဲ့ ဉာဏ်ရည်ရှိသူလည်း ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ငယ်စဥ်က ဖျက်ဆီးခံခဲ့ရတဲ့အတွက် ယောက်ကျားတွေကို မုန်းတီးနေတဲ့ အညတရ မိန်းကလေးတစ်ဦးဟာလည်း ရေထဲမျောပါလာတဲ့ "စိတ်ညှိနတ်စောင်းသံ ပညာကျမ်း" ကို ရရှိသွားတဲ့အတွက် "မရဏစောင်းသံရှင်" အဖြစ်သိုင်းလောကထဲရောက်လာခဲ့ပြီး "သုထင်းဖုံး" နဲ့ ဆုံတွေ့ခဲ့ပါတယ်။
တချိန်တည်းမှာပဲ လေဝဲစွန် "ဝါးကျောက်လုံ" ရဲ့သမီး "ရုပ်ဆိုးမ" ကလည်း ဖခင်ကို သတ်ဖြတ်သွားခဲ့သူတွေကို လက်စားချေဖို သိုင်းလောကထဲကို ရောက်ရှိလာခဲ့ပြီး "မရဏပလွေ" နောက်လိုက်နေကြတဲ့ လောဘသားတွေ၊ လူယုတ်မာတွေကို ဆုံးမနေတဲ့ "မရဏစောင်းသံရှင်" နဲ့ ဖခင်တွေအတွက် လက်စားချေဖို့ ကြိုးစားနေကြတဲ့ "သုထင်းဖုံး"၊ "ရုပ်ဆိုးမ" တို့ ရင်ဆိုင်တွေ့ကြတဲ့အခါ ... ။
("ဘုန်းကြွယ်" ရဲ့ "စိတ်ညှို့စောင်းနှင့် မရဏပလွေ"၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "မှော်တေးသံသာ သိုင်းကွန်ချာ"၊ ၄ အုပ်တွဲသိုင်းစာစဥ် နဲ့ ဇာတ်ကောင်အမည်၊ ဇာတ်လမ်းအစပျိုးပုံ ကွဲပြားပေမယ့် ဇာတ်သိမ်းပိုင်း အတူတူပဲ ဖြစ်ပါတယ်။ "စိတ်ညှို့စောင်းနှင့် မရဏပလွေ" ကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "မှော်တေးသံသာ သိုင်းကွန်ချာ" ကို ၂၀၀၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်)
📚 ၂ အုပ်တွဲ