လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က "ချန်လော့" ဂိုဏ်းချုပ် "လောင်ပုခုံး" ဟာ ၁၅ နှစ်တစ်ကြိမ်ကျင်းပတဲ့ မွန်ဂိုနယ်သိုင်းပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် အခဲမကျေတဲ့ မွန်ဂိုလက်ရွေးစင် ၄ ယောက်ဟာ "ချန်လော့သိုင်းပညာ" ရဲ့ ဟာကွက်တွေကို ရှာဖွေပြီး "သမင်သားရေ" ပေါ်မှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ဟာ စာမတတ်ကြတာကြောင့် "သမင်သားရေ" ပေါ် မှတ်တမ်းတင်တဲ့အလုပ်ကို "တစ်ကျောင်းဘုန်းတော်ကြီး" က လုပ်ကိုင်ပေးခဲ့ရပြီး သမင်သားရေကို လက်အိတ်အဖြစ် ချုပ်လုပ်ထားခဲ့ပါတယ်။
ကံဆိုးစွာနဲ့ပဲ အဲဒီမွန်ဂို ၄ ယောက်ဟာ နောက်ထပ် သိုင်းပြိုင်ပွဲ မကျင်းပခင်မှာပဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတဲ့အတွက် ၁၅ နှစ်အကြာ "လောင်ပုခုံး" မွန်ဂိုနယ် ကို ထပ်မံလာရောက်ချိန်မှာတော့ ယှဥ်ပြိုင်သူမဲ့သွားပြီး "သမင်သားရေလက်အိတ်" လျှို့ဝှက်ချက်ဟာလည်း တိမ်မြုပ်နေခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် "လောင်ပုခုံး" ဟာ နာမကျန်းဖြစ်ပြီး ပျံလွန်ကာနီးဖြစ်နေတဲ့ "တစ်ကျောင်းဘုန်းတော်ကြီး" နဲ့ ဆုံမိတဲ့အတွက် ပြုစုစောင့်ရှောက်ပေးရင်း "ဓါးတစ်လက်" နဲ့ "ကျမ်းစာအုပ် တစ်အုပ်" လက်ဆောင်ရခဲ့ပါတယ်။
အဲဒီကျမ်းစာအုပ်ဟာ သာမန်လူတွေအတွက် တန်ဖိုးမရှိပေမယ့် လားမားတွေအတွက်တော့ အလွန်အဖိုးတန်တာကြောင့် "တစ်ကျောင်းဘုန်းတော်ကြီး" ရဲ့တပည့် "နပုဘုန်းတော်ကြီး" က "သမင်သားရေလက်အိတ်" ရဲ့ လျှို့ဝှက်ချက်ကို "လောင်ပုခုံး" ကို ပြောပြပြီး ကျမ်းစာအုပ် နဲ့ သမင်သားရေလက်အိတ် လဲလှယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ကမ်းလှမ်းချက်ကို "လောင်ပုခုံး" က လက်ခံတဲ့အတွက် "နပုဘုန်းတော်ကြီး" လည်း "သမင်သားရေလက်အိတ်" နဲ့အတူ ပြည်မကို လာရောက်စဥ် အနက်ရောင်သိုင်းသမားတွေဖြစ်တဲ့ ရွှေတူ "ကျင်းကျိကျွန်း"နဲ့ "ဘီလူးဖြိုလက်ဂိုဏ်း" က အဆိပ်သိုင်းသမားတချို့က "နပုဘုန်းတော်ကြီး" ကို တိုက်ခိုက်ပြီး "သမင်သားရေလက်အိတ်" ရဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလိုနဲ့ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ "နပုဘုန်းတော်ကြီး" ဟာ ထွက်ပြေးလာရင်း "အော့လန်တောင်ခြေ" မှာ "ချန်လော့ဂိုဏ်း" က အဆောင်မှူး "ရမ်ထက်ကျီ" နဲ့ ဆုံမိတဲ့အတွက် "သမင်သားရေလက်အိတ်" သိမ်းဆည်းထားရာနေရာကို ဖွင့်ဟပြောပြပြီး ချန်လော့ဂိုဏ်းချုပ် "လောင်ပုခုံး" ထံ ပေးပေးဖို့ မှာကြားသွားခဲ့ပါတယ်။
ဖြစ်ချင်တော့ "နပုဘုန်းတော်ကြီး" ရဲ့ တပည့်ဖြစ်တဲ့ "ပိုက်လိဘုန်းတော်ကြီး" ဟာ တိုက်ပွဲထဲက ကိုယ်လွတ်ရုန်းပြီး "ချန်လော့ဂိုဏ်း" ကို သွားရောက်အကြောင်းကြားနိုင်ခဲ့တဲ့အတွက် "ချန်လော့ဂိုဏ်း" က သိုင်းသမားလက်ရွေးစင်တွေ "အော့လန်တောင်ခြေ" ကို ရောက်လာချိန်မှာတော့ သေဆုံးနေတဲ့ "နပုဘုန်းတော်ကြီး" ကိုပဲ တွေ့လိုက်ရပြီး မြေပြင် သဲလွန်စတွေအရ "ရမ်ထက်ကျီ" ကို တိုက်ခိုက်လုယက်သူအဖြစ် အထင်မှားခဲ့ပါတော့တယ်။
ဒါကြောင့် "ချန်လော့ဂိုဏ်း" က "ရမ်ထက်ကျီ" ကို သစ္စာဖောက်အဖြစ် လိုက်လံရှာဖွေနေစဥ် တရားခံအစစ်ဖြစ်တဲ့ ရွှေတူ "ကျင်းကျိကျွန်း"နဲ့ "ဘီလူးဖြိုလက်ဂိုဏ်း" ကလည်း "ရမ်ထက်ကျီ" အပေါ် အပြစ်ပုံချကာ သတင်းမှားလွှင့်ခဲ့တဲ့အတွက် အခြေအနေတွေ ရှုပ်ထွေးလာခဲ့ပြီး ... ။
📚 ၂ အုပ်တွဲ