တရုတ်ဘုရင်ဟာ အိမ်နီးချင်း မွန်ဂိုဘုရင်နဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် တရုတ်သံတမန် "ယဥ်ကျိန်း" ကို မွန်ဂိုပြည်ကို စေလွှတ်ခဲ့ပေမယ့် မွန်ဂိုမှာအခြေချနေတဲ့ တရုတ်လူမျိုး "ကျူးကျုံး" ရဲ့ စကားတစ်ခွန်းကြောင့် "ယဥ်ကျိန်း" လည်း အနှစ် ၂၀ လုံးလုံး အကျဥ်းကျခဲ့ရပါတယ်။
"ယဥ်ကျိန်း" ရဲ့သား "ယဥ်တင်" ဟာ ဖခင်ကိုကယ်တင်ဖို့အတွက် မွန်ဂိုနယ်ထဲကို ခိုးဝင်လာခဲ့ပေမယ့် အခွင့်မသာတဲ့အတွက် စောင့်ဆိုင်းရင်း မွန်ဂိုအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သား "ယဥ်ကြုံ" နဲ့ သမီး "ယဥ်လွယ်" တို့ကို မွေးဖွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ "ယဥ်တင်" ဟာ မိတ်ဆွေရင်းတွေဖြစ်ကြတဲ့ "ထင်ဟွာ"၊ ဆရာတော် "ချောင်းယင်း" တို့ရဲ့ အကူအညီနဲ့ ဖခင် "ယဥ်ကျိန်း" ကို အသက်စွန့် ကယ်ထုတ်နိုင်ခဲ့ပေမယ့် တရုတ်နိုင်ငံအရောက်မှာ "ယဥ်ကျိန်း" ဟာ သစ္စာဖောက်အဖြစ်သတ်မှတ်ခံခဲ့ရပြီး အဆိပ်အရက်တိုက်ကာ သေဒဏ်အပြစ်ပေးခံခဲ့ရပါတယ်။
တကယ်တော့ တရုတ်ဘုရင် ဟာ ငယ်ရွယ်လွန်းတာကြောင့် နန်းတွင်းအာဏာကို အတွင်းဝန် "ဝမ်ကျင်း" က ထိန်းချုပ်ထားပြီး "ယဥ်ကျိန်း" ကို သုတ်သင်ရှင်းလင်းဖို့အတွက်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက "ဝမ်ကျင်း" က စီစဥ်ခဲ့ရာမှာ "ကျူးကျုံး" က အသက်ချမ်းသာရအောင် မွန်ဂိုဘုရင်ကို မေတ္တာရပ်ခံပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ တရုတ်ပြည်သိုင်းလောကမှာတော့ "တန်ယို"၊ "ချောင်းယင်း"၊ "ထင်ဟွာ"၊ "ယက်ချမ်းချမ်း"၊ "ယဥ်တင်" တိုဟာ သိုင်းလောက ထိပ်သီးဆရာကြီး "ရှမ်းကြီး" ရဲ့ တပည့် ၅ ဦး ဖြစ်ကြပြီး မတူညီတဲ့ သိုင်းပညာတစ်မျိုးစီသင်ကြားခဲ့ကြရာမှာ "ရှမ်းကြီး" ရဲ့ အကျော်ကြားဆုံး "ရွှေနဂါးသိုင်း" ကို "ထင်ဟွာ" နဲ့ "ယက်ချမ်းချမ်း" တို့ က တစ်ပိုင်းစီ တတ်မြောက်ထားခဲ့ကြပါတယ်။
"ယဥ်ကျိန်း" ကွယ်လွန်သွားပြီးတဲ့နောက် "ချောင်းယင်း" ဟာ "ယဥ်လွယ်" ကို ဆရာတူညီမ "ယက်ချမ်းချမ်း" ထံ အပ်နှံသင်ကြားစေခဲ့ပြီး အဖြစ်မှန်ကို မသိသေးတဲ့ "ထင်ဟွာ" ကတော့ "ကျူးကျုံး" ကို လုပ်ကြံသတ်ဖြတ်ဖို့ မွန်ဂိုပြည်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။
၁၀ နှစ်ခန့် အကြာမှာတော့ "ယဥ်လွယ်" ဟာ ရွှေနဂါးသိုင်း ဒုတိယပိုင်းဖြစ်တဲ့ "မိုးပြာဓါးသိုင်း" ကို ကျွမ်းကျင်တတ်မြောက်သူ ဖြစ်လာခဲ့ပြီး ပျောက်ဆုံးနေတဲ့ အစ်ကိုဖြစ်သူကို ရှာဖွေဖို့ နဲ့ အဖိုးဖြစ်သူ မကွယ်လွန်မီ မှာကြားချက်အတိုင်း "ကျုံးကျူး" ကို လက်စားချေဖို့ သိုင်းလောကထဲ ရောက်လာခဲ့ပါတယ်။
မမျှော်လင့်ဘဲ သိုင်းလောကထဲမှာ စာပေသမား "သန်းဖုံး" နဲ့ "ယဥ်လွယ်" တို့ ဆုံတွေ့ခဲ့ပြီး သံယောဇဥ်ငြိတွယ်ခဲ့ကြပေမယ့် "သန်းဖုံး" ဟာ "ကျုံးကျူး" ရဲ့သား ဖြစ်တာကို သိလိုက်ရတဲ့အခါ အဖိုးဖြစ်သူအတွက် လက်စားချေဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ "သန်းဖုံး" ရဲ့ ရှင်းပြပြောဆိုမှု၊ ဦးရီးတော်တွေဖြစ်တဲ့ "ချောင်းယင်း" နဲ့ "ထင်ဟွာ" တို့ရဲ့ ထောက်ခံမှုတွေကြောင့် "ယဥ်လွယ်" နဲ့ "သန်းဖုံး" တို့ရဲ့ မိသားစုရန်ငြိုးတွေ ပြေလည်သွားခဲ့ကြပြီး "တရုတ်" နဲ့ "မွန်ဂို" နှစ်နိုင်ငံအကြားက အရှုပ်အထွေးတွေနဲ့ အတွင်းဝန် "ဝမ်ကျင်း" ရဲ့ ကြံစည်မှုတွေကို ပူးပေါင်းဖော်ထုတ်ကြတဲ့အခါ ... ။
📚 ၃ အုပ်တွဲ