"ခန့်ကျင်းမြို့" က အချမ်းသာဆုံးသူဌေးကြီး "ဝမ်အင်း" ရဲ့သား "ဝမ်လွေ" ဟာ သိုင်းပညာကို အလွန်စိတ်ဝင်စားသူဖြစ်တာကြောင့် ဖခင်တားမြစ်နေတဲ့ကြားက အိမ်ကခိုးထွက်ပြီး "ဓါးနှစ်လက်" အာမခံဌာနက မိတ်ဆွေ "ယန်တ" နဲ့အတူ သိုင်းလောကထဲ စတင်ဝင်ရောက်လာခဲ့ပါတယ်။
"ဓါးနှစ်လက်"အာမခံဌာန ပိုင်ရှင် "တုကျူး" ဟာ သူဌေးကြီး "ချူယီဖုံး" အပ်နှံတဲ့ သိုင်းလောက ရဲ့ ရတနာ ၃ မျိုးလို့ ထင်ရှားတဲ့ "လိပ်ပြာဓါး"၊ "ဓါးတစ်ရာကြွေပန်းချီအိုး" နဲ့ "ရတနာပုဆိန်" တိုကို "တင်းပေါင်မြို့" ကို သယ်ယူပို့ဆောင်ပေးဖို့ တာဝန်ယူခဲ့ပေမယ့် ပစ္စည်းအပ်နှံချိန်မှာတော့ "ဓါးတစ်ရာကြွေပန်းချီအိုး" နဲ့ "ရတနာပုဆိန်" တို့ဟာ အတုနဲ့ လဲလှယ်ခံထားရတာကို တွေ့လိုက်ရပါတယ်။
ဒါကြောင့် "တုကျူး" လည်း ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေကို ၂ လအတွင်း ပြန်ရှာပေးဖို့ ကတိပြုခဲ့ရပြီး မိတ်ဆွေတွေဖြစ်တဲ့ ကျားနက်အာမခံဌာန က "ဝေတင်ကွမ်း"၊ ရွှေနဂါးအာမခံဌာန က "စန်ကျူးယန်" တို့နဲ့အတူ သဲလွန်စ ရှာဖွေခဲ့ပေမယ့် ဘယ်လိုမှခြေရာခံမရတဲ့အဆုံး ထောက်လှမ်းရေးမှူး "သိမ်းငှက်လောက်ချစ်" ထံ တိုင်ကြားခဲ့ရပါတယ်။
တချိန်တည်းမှာပဲ "ခိုင်ဖုံးမြို့"က သူဌေးကြီး "လျူပင်း" ရဲ့ ရတနာတိုက်ထဲမှာ သိမ်းဆည်းထားတဲ့ ရတနာပစ္စည်းတွေအားလုံး ပျောက်ဆုံးကုန်တာကြောင့် ကိုယ်ရံတော်ချုပ် "တုယန်ကျောင်း" က "သိမ်းငှက်လောက်ချစ်" ထံ လာရောက်တိုင်ကြားခဲ့သလို သော့ဝိဇ္ဇာ "မွန်းယု" ကလည်း သူ့ရဲ့ "သော့ပညာကျမ်းစာအုပ်" ပျောက်ဆုံးသွားတဲ့အတွက် "သိမ်းငှက်လောက်ချစ်" ကို အကူအညီတောင်းခဲ့ပါတယ်။
ထူးခြားတဲ့ အမှု ၃ မှုကြောင့် မအားမလပ်နိုင်ဖြစ်လာရတဲ့ "သိမ်းငှက်လောက်ချစ်" နဲ့ "ဝမ်လွေ" တို့ ဆုံတွေ့မိခဲ့ကြပြီးနောက် အတူပူးပေါင်းအဖြေရှာဖို့ တိုင်ပင်ခဲ့ကြပြီး ရတနာပွဲစား "စီဝမ်ဖေး" ကတဆင့် အမှုကို စတင်ခြေရာခံခဲ့ကြတဲ့အခါ ... ။
("နန္ဒကျော်သူ" ရဲ့ "ဉာဏ်နီဉာဏ်နက်"၊ ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ "ဝဏ္ဏအောင်" ရဲ့ "ဒေါင်းစိမ်းခြေရာ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်း ဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "ဉာဏ်နီဉာဏ်နက်" ကို ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ဒေါင်းစိမ်းခြေရာ" ကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၂ အုပ်တွဲ