တရုတ်ပြည်မကြီးကို "ကျင်းလူမျိုး" တွေ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်နေချိန်မှာ ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်တဲ့ "ယက္ခဂိုဏ်း" က ထိပ်သီးသိုင်းသမား "ကောင်းမှုဟုန်" ဟာ နေပြည်တော်က "စုံဘုရင်" ရဲ့ သြဇာကို အံတုပြီး "ကျန်းကျိုးနယ်" ကို သိမ်းပိုက်ကာ နယ်စားကြီးအဖြစ် မတရားမင်းမူနေတာကြောင့် အဖြူရောင်ဂိုဏ်းတစ်ခုဖြစ်တဲ့ "မိုးကောင်းကင်ဂိုဏ်း" က အစ်ကိုဖြစ်သူထံ လာရောက်ခိုလှုံတဲ့ "ကောင်းမှုဟုန်" ရဲ့ ညီ၊ သူဌေးကြီး "ကောင်းထင်ဖော" ကို လမ်းခရီးမှာ တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။
အဲဒီ တိုက်ပွဲအနားကို မမျှော်လင့်ဘဲ ရောက်နေခဲ့တဲ့ လေပွေဂိုဏ်းဝင် "လင့်ရှင်ကျန်း" ရဲ့ မွေးစားသား၊ ၁၂ နှစ်အရွယ် လူငယ်လေး "လင့်ဟိုလူ" ဟာ "ကောင်းထင်ဖော" ရဲ့ သမီး "ကောင်းဘိဝှာ" ကို စိတ်ကောင်းစေတနာထားပြီး နယ်စားစံအိမ်ကို ပို့ပေးခဲ့ပေမယ့် ကျေးဇူးအတင်မခံရတဲ့အပြင် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက် "ကောင်းမှုဟုန်" ရဲ့သား "ကောင်းထန်မင်း" နဲ့ ဆရာဖြစ်သူ အဆိပ်ဘုရင် "ကန်းယုဝေး" တိုရဲ့ အစမ်းသပ်ခံလူသားအဖြစ် အဆိပ်ကောင်ပေါင်းစုံ အကိုက်ခံခဲ့ရတဲ့အတွက် သမားတော်ကြီး "ရန်ပါစု" ရဲ့ ဆေးလုံးနဲ့ "မရဏသွေးကြောကျင့်စဥ်" ကြောင့် အသက်မသေခဲ့ရပေမယ့် "ကန်းယုဝေး" ရဲ့ လက်ချက်နဲ့ ချောက်ထဲပြုတ်ကျသွားခဲ့ရပါတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာ "လင့်ဟိုလူ" တစ်ယောက် အသက်မသေခဲ့ဘဲ "မိုးကောင်းကင်" ဂိုဏ်းချုပ် "တန်မင်းစွေ့" ရဲ့ "စက်ဝိုင်းလေးကွက် သိုင်းတစ်ဝက်" သိုင်းကျမ်းနဲ့ "ယက္ခ" ဂိုဏ်းချုပ် "လောင်ထိုက်" ရဲ့ "လက်ဝါးတစ်ချက် သွေးတစ်ပွက်" သိုင်းကျမ်းတွေကို ရရှိခဲ့ရုံသာမက "မျောက်ပျံလွှား" သိုင်းကွက်ကိုလည်း ကိုယ်တိုင် တီထွင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် "ရေတံခွန်ဂူကြီး" ထဲမှာ တွေ့ရှိခဲ့တဲ့ လေပွေဂိုဏ်းချုပ်ကြီးဟောင်း "ရှောင်စမ်း" ရဲ့ "ပန်းခူးသောလက်နဲ့ ပန်းပျိုးသောလက်" သိုင်းပညာကို လေ့ကျင့်အောင်မြင်ခဲ့ပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ မွေးစားဖခင်နဲ့ မိခင်ကို ရှာဖွေဖို့ "သစ္စာရှင်သိုင်းသမား" အဖြစ် သိုင်းလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။
သစ္စာရှင်သိုင်းသမား "လင့်ဟိုလူ" ဟာ နယ်ချဲ့ "ကျင်းလူမျိုး" တွေနဲ့ပူးပေါင်းနေတဲ့ ကျန်းကျိုးနယ်စား "ကောင်းမှုဟုန်" ကို ကလဲ့စားချေဖိုအတွက် နယ်စားတပ်ထဲ ဝင်ရောက်စုံစမ်းရင်း သူ့လိုပဲ အကြံနဲ့ဝင်ရောက်လာတဲ့ "ကြိုးကြာဖြူဂိုဏ်း" က မိုးပျံလက်ဝါး "ပိုင်ရီအော်" နဲ့ ရေစက်ဆုံတွေ့ခဲ့ပါတယ်။
အဲဒီနောက် သူ့ရဲ့ မွေးစားမိဘတွေနဲ့လည်း ပြန်လည်ဆုံတွေ့ခဲ့ပြီး "လေပွေဂိုဏ်း" ဝင်တစ်ဦးဖြစ်လာခဲ့ကာ "ယက္ခဂိုဏ်း" ရဲ့ စိန်ခေါ်တိုက်ခိုက်မှုကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် "လေပွေဂိုဏ်း" ရဲ့ ဂိုဏ်းခွဲမှူးအဖြစ် ရာထူးတိုးလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "လင့်ဟိုလူ" ဟာ ရန်သူတော်ဟောင်း "ဖိုမဓါးညီနောင်" နဲ့ ရင်ဆိုင်ရင်း "တြိဂံလက်ဝါး" ဒဏ်ခံခဲ့ရတဲ့အတွက် "ပိုင်ရီအော်" နဲ့အတူ "မိုးပျံဂူ" ထဲမှာ ကုသနေစဥ် "ကြိုးကြာဖြူဂိုဏ်း" က "လက်ဝါးခုနစ်ဖော်" ရဲ့ တိုက်ခိုက်မှုကြောင့် မြစ်ထဲပြုတ်ကျသွားခဲ့ပါတယ်။
"လင့်ဟိုလူ" ကို တောတောင်ထဲမှာ ဇာတ်မြှုပ်နေထိုင်တဲ့ "ယက္ခဂိုဏ်း" ရဲ့ ပထမဦးဆောင်သူ ဝိညာဥ်ဖြူ "ဟွမ်ယွန်ရှင်း" နဲ့ သမီး "စုစု" တို့က ကယ်တင်ခဲ့ပြီး တိဗက်စာပေကို သင်ကြားပေးတဲ့အတွက် ငယ်စဥ်ကတည်းက သူရရှိခဲ့တဲ့ "စက်ဝိုင်းလေးကွက် သိုင်းတစ်ဝက်" သိုင်းကျမ်းနဲ့ "လက်ဝါးတစ်ချက် သွေးတစ်ပွက်" သိုင်းကျမ်းတို့ကို လေ့ကျင့်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ "လေပွေဂိုဏ်း" ဟာ လက်ထောက်ဂိုဏ်းအုပ် "ဖေ့ရန်ဝေး" ရဲ့ သစ္စာဖောက်မှုကြောင့် ဂိုဏ်းချုပ်ကြီး "ဝူရှောင်" အဆိပ်သင့်ကာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် "လင့်ဟိုလူ" ဟာ "လေပွေဂိုဏ်း" ကို ပြန်လာခဲ့ပြီး သိုင်းလောကကို စိုးမိုးဖို့ ကြိုးစားနေသူ ကြိုးကြာဖြူဂိုဏ်းချုပ်ကြီး "ယဲ့ရှင်း" နဲ့ ရင်ဆိုင်ရတဲ့အခါ ... ။
("ထက်ဝီလျှံဖြိုး" ရဲ့ "ပြိုင်ဘက်ကင်းသိုင်းဧကရာဇ်"၊ ၅ အုပ်တွဲ သိုင်းစာစဥ်ဟာ "မောင်နှင်းဆွေ" ရဲ့ "ပြိုင်ဘက်ကင်းသိုင်းဧကရာဇ်"၊ ၄ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲဖြစ်ပါတယ်)