တစ်ကောင်ကြွက်လူငယ်လေး "ထင်းလီ" ဟာ အတွင်းဒဏ်ရာရနေတဲ့ ဗေဒင်ဆရာအဖိုးအို နတ်မျက်စိ "လုယင်း" ရဲ့ အကူအညီတောင်းခံမှုကြောင့် ကျောက်စီဓါးထည့်သွင်းထားတဲ့ "သစ်ကနက်သေတ္တာ" လေးတစ်ခုကို "ကျုံဝါ" တောင်၊ ကျားပါးစပ်လိုဏ်ဂူက "မေတ္တာအဖိုးအို" ဆီကို ပို့ပေးဖို့ ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ လမ်းခရီးမှာ ခါးပိုက်နှိုက်အဖိုးအို စောရ "ပုဝီး" က "သစ်ကနက်သေတ္တာ" ကို ခိုးယူသွားခဲ့ပြီး အဆင့်ဆင့် လုယူခံခဲ့ရရင်း နောက်ဆုံးမှာ ဟန်ကြူးမြို့စားကြီး "ကျင်းစန်း" ရဲ့သမီး "ကျင်းလေဝါး" ဆီရောက်ရှိသွားခဲ့ပါတယ်။
စိတ်ကောင်းရှိသူ "ထင်းလီ" ဟာ "သစ်ကနက်သေတ္တာ" ကို ပြန်ရဖို့ ကြိုးစားခဲ့ရာမှာ သူ့ရဲ့ သိုင်းပညာဟာ အဆင့်နိမ့်လှတာကြောင့် မအောင်မြင်ခဲ့ပေမယ့် ခါးပိုက်နှိုက် အဖိုးအို စောရ "ပုဝီး" ထံက "ကျောက်စိမ်းလက်ဝါးကျမ်း" ကိုတော့ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
"သစ်ကနက်သေတ္တာလေး" ပြန်ရဖို့ ကြိုးစားနေတဲ့ "ထင်းလီ" ကို ဗေဒါကြီး "ကြယ်တံခွန်" နဲ့ ယောဂီမယ်လေး "စွေကျူး" တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။
ဒီလိုနဲ့ တစ်ရက်မှာတော့ "ထင်းလီ" တစ်ယောက် မြို့စားဂေဟာထဲ ခိုးဝင်ရင်း သိုင်းပညာထက်မြက်သလောက် စိတ်ထားနူးညံ့လှတဲ့ စိတ်ဝေဒနာသည်မလေး "ပုလဲ" နဲ့ ဆုံတွေ့ခဲ့ရာက ထူးဆန်းတဲ့နေရာတစ်ခုမှာ လအတန်ကြာ အတူနေထိုင်ကြရင်း "ထင်းလီ" လည်း "ပုလဲ" ဆီက သိုင်းပညာသင်ကြားခဲ့ပါတယ်။
ဒါပေမဲ့ "ပုလဲ" ရဲ့ စိတ်ဝေဒနာဟာ ထူးခြားလှတာကြောင့် "ကျင်းလေဝါး" အဖြစ် မူလစိတ် ပြန်ဝင်လာချိန်မှာတော့ "ထင်းလီ" ကို မမှတ်မိတော့ဘဲ တိုက်ခိုက်ထွက်ခွာသွားခဲ့သလို "ကျင်းလေဝါး" ကို ချစ်ကြိုက်နေတဲ့ "ကျောက်စိမ်းမင်းသား" ကလည်း သူတို့နန်းတော်ရဲ့ သိုင်းပညာကို ခိုးယူလေ့ကျင့်တယ်လို စွပ်စွဲပြီး "ထင်းလီ" ရဲ့ သိုင်းပညာနဲ့ အတွင်းအားတွေ ဖျက်ဆီးပစ်ခဲ့ပါတယ်။
ကံကောင်းချင်တော့ "ကြယ်တံခွန်"၊ "မုရသေ့" နဲ့ ထိပ်တန်းသိုင်းသမားတွေက "ထင်းလီ" ကို ကယ်တင်ကုသပေးခဲ့တဲ့အပြင် သိုင်းပညာသင်ကြားပေးခဲ့ပြီး သူတို့ရဲ့ မပြီးဆုံးသေးတဲ့ သိုင်းလောကတာဝန်တွေကို လွှပြောင်းပေးခဲ့တဲ့အခါ "ထင်းလီ"၊ "ကျောက်စိမ်းမင်းသား"၊ "ပုလဲ" နဲ့ "စွေကျူး" တို့ရဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ... ။
("တက္ကသိုလ်သီဟအောင်" ရဲ့ "အသွင်မတူ သိုင်းပျိုဖြူ"၊ ၃ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "စိတ္တဇလိုဏ်ဂူသိုင်းပျိုဖြူ"၊ ၅ အုပ်တွဲသိုင်းစာစဥ်၊ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "ခြောက်ဆယ့်လေးချက် ရွှေသိုင်းကွက်"၊ ၃ အုပ်တွဲသိုင်းစာစဥ်တို့နဲ့ ဇာတ်ကောင်အမည်၊ ဇာတ်လမ်းဇာတ်ကွက်အချို့ကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။
"အသွင်မတူ သိုင်းပျိုဖြူ" ကို ၂၀၀၈ ခုနှစ်၊ "စိတ္တဇလိုဏ်ဂူသိုင်းပျိုဖြူ" ကို ၁၉၉၅ ခုနှစ်၊ "ခြောက်ဆယ့်လေးချက် ရွှေသိုင်းကွက်" ကို ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၃ အုပ်တွဲ