ထင်းရှူးရွာက သူဌေးကြီး "ကျောက်ပေဆန်" တို တအိမ်သားလုံး ရန်သူရဲ့လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပေမယ့် ၁၂ နှစ်အရွယ်သားလေး "ကျောက်ရိရှုး" ကတော့ "ပိုင်ယွင်ဆန်းတောင်" က လက်သီးဝိဇ္ဇာ "ယာချီ" ထံမှာ သွားရောက်သင်ကြားနေတဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။
လက်သီးဝိဇ္ဇာ "ယာချီ" ဟာ "ကျောက်ရိရှုး" အရွယ်မရောက်သေးတဲ့အတွက် အဖြစ်မှန်ကို ဖွင့်မပြောသေးဘဲ သိုင်းပညာကိုသာ ကြိုးစားသင်ယူစေခဲ့သလို "ယာချီ" ရဲ့ မိတ်ဆွေဖြစ်သူ "ဝါးစိမ်းအဖိုးအို" ကလည်း "ကျောက်ရိရှုး" ကို သိုင်းပညာသင်ကြားပေးခဲ့ပါတယ်။
"ကျောက်ရိရှုး" အရွယ်ရောက်လာတဲ့အခါမှ အဖြစ်အပျက်တွေကို ပြောပြပြီး သိုင်းလောကထဲ ဆင်းခွင့်ပြုခဲ့တာကြောင့် "ကျောက်ရိရှုး" တစ်ယောက် သိုင်းလောကထဲရောက်လာရင်း "ဝါးစိမ်းရဲတိုက်" သခင်မလေး ပျံလွှားမယ် "ပိုင်ရိပိန်" နဲ့ ဆုံတွေ့ မိတ်ဆွေဖွဲခဲ့ပါတယ်။
ပျံလွှားမယ် "ပိုင်ရိပိန်" နဲ့ သူ့ရဲ့ ရံရွေတော် "သိမ့်ရှန်" တို နှစ်ယောက်လုံးဟာ "ကျောက်ရိရှုး" ကို ချစ်ကြိုက်သွားခဲ့တာကြောင့် "ဝါးစိမ်းရဲတိုက်" ကို ခေါ်ဆောင်သွားပြီး ရေလာမြောင်းပေးလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ "ကျောက်ရိရှုး" မှာ ဆရာဖြစ်သူ "ဝါးစိမ်းအဖိုးအို" ရဲ့ တူမ ဖြစ်တဲ့ "ယွင်အော်" အမည်ရှိချစ်သူတစ်ဦး ရှိနေနှင့်ပြီးဖြစ်တဲ့အတွက် အကြိမ်ကြိမ် ရှောင်ရှားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘယ်လိုမှမရှောင်နိုင်တော့ဘဲ ချစ်သူ ၃ ဦး အဖတ်တင်သွားခဲ့ပါတယ်။
ဒီလိုနဲ့ သိုင်းပညာထူးချွန်လှတဲ့ လူငယ်လေး "ကျောက်ရိရှုး" ဟာ မိဘသွေးကြွေးကို မဆပ်ရသေးခင်မှာပဲ "ယွင်အော်" နဲ့ "ပိုင်ရိပိန်" တို မိန်းမလှလေး နှစ်ယောက်ကြားမှာ အချိန်အတော်ကြာအောင် ဗျာများနေခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ "ကျောက်ရိရှုး" ဟာ မိဘတွေကို သတ်ဖြတ်သွားသူတစ်ဦးဖြစ်တဲ့ သူဌေးကြီး "ဝမ်ဖေ့" ကို အရင်ဆုံး လက်စားချေဖို ဆုံးဖြတ်ကာ မိန်းမလှလေးတွေကို ကျောခိုင်းထွက်ခွာလာခဲ့ပါတယ်။
အဲဒီအခါမှာ မိတ်ဆွေကောင်းကြီးတွေဖြစ်ကြတဲ့ ရွှေဓါးရှင် "ထုံးဝေလန်း"၊ ရဲနှစ်ဖော် "ကျန်တုံးနဲ့ ကျန်လန်" တိုက "ကျောက်ရိရှုး" ကို ဝိုင်းဝန်းကူညီပေးခဲ့ကြသလို သံယောဇဥ်မပြတ်နိုင်တဲ့ "ယွင်အော်" နဲ့ "ပိုင်ရိပိန်" တိုကလည်း နောက်ကနေ အသီးသီး ခြေရာခံလိုက်လာခဲ့ကြပါတယ်။
ရောက်လေရာမှာ ဖူးစာဆုံတတ်သူ "ကျောက်ရိရှုး" ဟာ သူဌေးကြီး "ဝမ်ဖေ့" ကိုသုတ်သင်ရင်း အဆိပ်မယ် "ထောက်ရှောင်ဝါ" အမည်ရှိ မိန်းကလေးနဲ့ ထပ်မံ ဆုံဆည်းခဲ့ကြသလို "ပိုင်ရိပိန်" ကိုမှ တမ်းတမ်းစွဲဖြစ်နေတဲ့ သိုင်းသမား "ယိဟုန်ဖေ့" နဲ့လည်း အပြိုင်အဆိုင် ပြသနာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အဲဒီနောက် "မိစ္ဆာရွှေနန်း" တိုက်ပွဲမှာ "ထောက်ရှောင်ဝါ" သေဆုံးသွားခဲ့ပြီး ကိုယ်ဝန်ကြီးနဲ့ "ပိုင်ရိပိန်"၊ အချစ်ဦး "ယွင်အော်" တို မျက်နှာစုံညီရောက်လာကြတဲ့အတွက် စိတ်ရှုပ်ထွေးသွားတဲ့ "ကျောက်ရိရှုး" လည်း "ဝူယွင်ဖုန်း" တောင်ပေါ်က ခုန်ချသတ်သေသွားခဲ့တဲ့အခါ ... ။
("တက္ကသိုလ်ရဲလင်းအောင်" ရဲ့ "ပြည်မသိုင်းနှင့် အဏ္ဏဝါလှိင်း"၊ လုံးချင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "ပိုင်ယွင်ဆန်းဓါးသမား"၊ ၇ အုပ်တွဲသိုင်းစာစဥ်ကို အနှစ်ချုပ်ထားတာ ဖြစ်ပါတယ်။
"ပြည်မသိုင်းနှင့် အဏ္ဏဝါလှိင်း" စာစဥ်ကို PDF အဖြစ် Scan ဖတ်ရာမှာ စာမျက်နှာ ၁ ကနေ ၁၀ အထိ ပါဝင်မလာတာ တွေ့ရပါတယ်။ ဒါ့အပြင် စာအုပ်အဖုံးမှာ စဆုံးလုံးချင်းလို ဆိုထားပေမယ့် အခန်း ၆၄ က စတင်ထားတဲ့အတွက် ရှေ့မှာ အခန်း ၁ ကနေ ၆၃ အထိ စာစဥ်တွေ ကျန်ရှိနေသေးပုံရပါတယ်။ ဖတ်ကြည့်တဲ့အခါမှာလည်း ဇာတ်ကွက်က အတော်ခုန်ပါတယ်။
ဒါကြောင့် ဇာတ်လမ်းဇာတ်ကွက် အားလုံးကို ခြုံငုံနားလည်မိစေဖိုအတွက် "တက္ကသိုလ်နေလင်းအောင်" ရဲ့ "ပိုင်ယွင်ဆန်းဓါးသမား" ဇာတ်လမ်းအကျဥ်းကိုပဲ ပြန်လည် ဖော်ပြလိုက်ပါတယ်)
📚 လုံးချင်း