သိုင်းလောကထိပ်သီးဂိုဏ်းတစ်ခုဖြစ်တဲ့ "နဂါးဂိုဏ်း" မှာ လက်ယာရံ "ဟွာဟင်"၊ လက်ဝဲရံ "ကျန်ချေ" နဲ့ လူငယ်သိုင်းသမား "ချန်ရှင်း" တို့ဟာ အထူးချွန်ဆုံး သိုင်းသမားတွေ ဖြစ်ကြပါတယ်။
ရွှေကြုတ်မယ် "ဟွာဟင်" လို့ လူသိများတဲ့ ဂိုဏ်းချုပ်လောင်းလျာ "ဟွာဟင်" ကို လက်ဝဲရံ "ကျန်ချေ" က တဖက်သတ်ချစ်နေခဲ့ပေမယ့် "ဟွာဟင်" ကတော့ "ချန်ရှင်း" ကိုသာ မေတ္တာတုံပြန် ရွေးချယ်ခဲ့တဲ့အတွက် ဒေါသူပုန်ထခဲ့တဲ့ "ကျန်ချေ" ဟာ သူတို့နှစ်ဦး ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်ခဲ့ပါတယ်။
"ချန်ရှင်း" မှာ ဘိုးဘွားအမွေ "ဓါးသိုင်းကျမ်း" တစ်ခုရှိတဲ့အကြောင်း "ဂိုဏ်းချုပ်ကြီး" ကို သတင်းပို့ခဲ့တဲ့အတွက် လောဘဇောတိုက်လာတဲ့ နဂါးဂိုဏ်းချုပ် "ဘီလူးမျက်နှာဘွားဘွား"လည်း "ဓါးသိုင်းကျမ်း" ကို အရယူဖို့ "ဟွာဟင်" က တဆင့် စေခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ မတရားမှုကို လက်မခံတတ်တဲ့ "ဟွာဟင်" က ဂိုဏ်းချုပ်ရဲ့ အမိန့်ကို ဖီဆန်ဆန့်ကျင်ခဲ့တာကြောင့် ပြစ်ဒဏ်ပေးခံခဲ့ရပြီး "ချန်ရှင်း" နဲ့ "နဂါးဂိုဏ်း" တို့ဟာလည်း လမ်းခွဲခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် "စူးဂေဟာ" က မိန်းကလေး "စုလင်" ဟာ မိဘနှစ်ပါး လုပ်ကြံခံခဲ့ရတဲ့အတွက် ဦးရီးတော်စပ်သူ "စွေထန်းရွာ" ပိုင်ရှင် သိုင်းသမား "ချန်ရှင်း" ကို လာရောက်အကူအညီတောင်းခဲ့ပါတယ်။
ဒါကြောင့် "ချန်ရှင်း" ရဲ့ သားဖြစ်သူ "ချန်ယိ" ဟာ တရားခံကိုစုံစမ်းဖို့ သိုင်းလောကထဲ ဆင်းလာခဲ့ရင်း မိဘတွေရဲ့ အတိတ်ကာလက ရန်ငြိုးတွေကို တဖြည်းဖြည်း သိလာရတဲ့အခါ ... ။
("တက္ကသိုလ်နေဘုန်းဦး" ရဲ့ "ကျွန်တော့်ဆွေမျိုး"၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "နေဝန်းကျေးရွာသိုင်းကဗျာ"၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ