မိဘမဲ့လူငယ်လေး "လိန့်ဟူကျန်း" ဟာ ပင်ကိုယ်စိတ်ထားကောင်းမွန်သူဖြစ်ပေမယ့် လက်သီးသိုင်းသမား "ဖန်တာ့ကုံး"၊ ကြေးပြားပစ်ပါရဂူ "ဇီးမာထင်းဟုန်"၊ ဓါးသိုင်းဝိဇ္ဇာ "ကြင်လိစန်" တိုကို အနိုင်ရမှ "မိဘရန်ကြွေးဆပ်ရမယ်" ဆိုတဲ့ ဆရာဖြစ်သူ "ဆံဖြူမ" ရဲ့ အမိန့်အတိုင်း သိုင်းသမားကြီး ၃ ယောက်ကို ယှဥ်ပြိုင်အနိုင်ယူခဲ့ပြီးနောက် "ရှောင်လင်ကျောင်း" မှာ သိမ်းဆည်းထားတဲ့ "သွေးဓါး" ကို ခိုးယူကာ ဆရာဖြစ်သူထံအပ်နှံရင်း သူ့ဘဝဇာတ်ကြောင်းကို မေးမြန်းခဲ့ပါတယ်။
ဆရာဖြစ်သူ "ဆံဖြူမ" ရဲ့ ပြောပြချက်အရ သူ့မိဘနှစ်ပါးဟာ ငှက်ဆိုးဆရာကြီး "လိန့်ဟူဝေးဝူ" နဲ့ နတ်မြွေဆိုးမယ် "ဝင်းရှူချန်း" တို့ဖြစ်ပြီး ရှောင်လင်ဂိုဏ်းချုပ် "ဝူဝေ"၊ ဝူတန်ဂိုဏ်းချုပ် "ရွှေကျင်းလန်"၊ တေလေဂိုဏ်းချုပ် "ဖုန်းရိ"၊ ရွှေဓါးသိုင်းဆရာ "မန့်ထန်းလင်"၊ လက်သီးသိုင်းသမား "ဖန်တာ့ကုံး"၊ ကြေးပြားပစ်ပါရဂူ "ဇီးမာထင်းဟုန်" နဲ့ ဓါးသိုင်းဝိဇ္ဇာ "ကြင်လိစန်" တိုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိလိုက်ရတဲ့အတွက် "လိန့်ဟူကျန်း" ဟာ အဲဒီလူတွေကို လက်စားချေဖို့ စတင် ကြိုးစားခဲ့ပါတယ်။
ဆရာဖြစ်သူ "ဆံဖြူမ" ရဲ့ ပြောဆိုချက်တွေဟာ သံသယဖြစ်ဖွယ်ကောင်းနေသလို "ငှက်ဆိုးဆရာကြီး" နဲ့ "နတ်မြွေဆိုးမယ်" တို့မှာ သားသမီးမရှိကြောင်း တဖြည်းဖြည်း သိလာခဲ့ပေမယ့် "ဆံဖြူမ" ရဲ့ စကားကိုသာ နားဝင်နေတဲ့ "လိန့်ဟူကျန်း" ဟာ တစ်ကြိမ်မှာတော့ "ဖန်တာ့ကုံး"၊ "ကြင်လိစန်"၊ "ဖုန်းရိ" တိုရဲ့ ပူးပေါင်းဖမ်းဆီးမှုကို ခံခဲ့ရပြီး ကြေးပြားပစ်ပါရဂူ "ဇီးမာထင်းဟုန်" ရဲ့သမီး "ဇီးဇီး" ရဲ့ တောင်းပန်မှုကြောင့်သာ အသတ်မခံရဘဲ "ရှောင်လင်ကျောင်း" ကို ပို့ဆောင်ခံခဲ့ရပါတယ်။
ဒါပေမဲ့ လမ်းခရီးမှာ "ဆံဖြူမ" က "လိန့်ဟူကျန်း" ကို ကယ်တင်သွားခဲ့ပြီး သူ့ရဲ့ လက်စားချေရေးအစီအစဥ်ကို ပြန်လည်စတင်စေခဲ့ပေမယ့် ရင်ဆိုင်နေရသူတွေဟာ ထိပ်သီးသိုင်းသမားကြီးတွေ ဖြစ်နေတဲ့အတွက် လွယ်လွယ်ကူကူ မအောင်မြင်ဘဲ ရှိနေခဲ့ပါတယ်။
အကျဥ်းအကျပ်ထဲရောက်နေတဲ့ "လိန့်ဟူကျန်း" တစ်ယောက် သူနဲ့ ရုပ်ချင်းအလွန်တူတဲ့ ရွှေဓါးသိုင်းဆရာ "မန့်ထန်းလင်" ရဲ့ စတုတ္ထသား "မန့်ချန်းဝမ်" က ရန်သူဖြစ်ပေမယ့် သူ့ကို ကူညီပေးခဲ့တာကြောင့် သူ့ရဲ့ဘဝမှန်ကို ဝေခွဲမရဖြစ်လာချိန်မှာ တချိန်က "နတ်မြွေဆိုးမယ်" ကို ကုသပေးခဲ့ဖူးသူ ဆေးဝိဇ္ဇာသမားတော်ကြီး "ဇီးဝုန်းချွန်း" နဲ့ ဆုံမိပြီး "နတ်မြွေဆိုးမယ်" ရဲ့ ရက်စက်ယုတ်မာမှုကို ပိုမို သိရှိလာခဲ့ပါတယ်။
တဖက်မှာလည်း "လိန့်ဟူကျန်း" ရဲ့ လုပ်ဆောင်မှုကို အားမရဖြစ်လာတဲ့ "ဆံဖြူမ" က "မန့်ချန်းဝမ်" ကိုပါ ဖမ်းဆီးပြီး "လိန့်ဟူကျန်း" နဲ့ ပုံမှားရိုက် အသုံးချခဲ့တဲ့အတွက် "ဖန်တာ့ကုံး" တို့လူစု အခက်တွေ့ကြရသလို "လိန့်ဟူကျန်း" ဟာ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့ "အမြွှာကလေးငယ်" ဖြစ်ကြောင်း သိရှိသွားတဲ့ ရွှေဓါးသိုင်းဆရာ "မန့်ထန်းလင်" ဟာလည်း သားနှစ်ယောက်ကြား ဗျာများနေရပါတော့တယ်။
နောက်ဆုံးမှာ "လိန့်ဟူကျန်း" ချစ်နေတဲ့ "ဇီးဇီး" ကိုပါ "ဆံဖြူမ" က ဖမ်းဆီး အကျပ်ကိုင် ခိုင်းစေလာတဲ့အခါမှာတော့ ... ။
📚 ၂ အုပ်တွဲ