"ကျုံစမ်းတောင်" သိုင်းသမား "ချင်ထန်း" ဟာ သိုင်းလောကသားတွေ တပ်မက်မောတဲ့ "နဂါးမင်းလျှို့ဝှက်ချက်" ကို ရရှိခဲ့တာကြောင့် ဇနီးမောင်နှံ နှစ်ဦးလုံး အသက်ဆုံးရှုံးခဲ့ရတဲ့အပြင် တစ်ဦးတည်းသော သမီးလေး "ချင်အင်းဝေ" မှာလည်း ဝိုင်းဝိုင်းလည်နေတဲ့ ရန်သူတွေကြားမှာ ဘကြီးတော် ခုနစ်စင်ကြယ်ဓါးသမား "ဝူကွမ်ရိ" နဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။
"နဂါးမင်းလျှို့ဝှက်ချက်" ရဲ့ "အညွှန်းလင်္ကာ" ကို သိရှိထားတဲ့ "ချင်အင်းဝေ" ကို "မိုးမြေဂေဟာ"၊ "ယက္ခဂိုဏ်း"၊ "နတ်ရဲနန်းတော်"၊ "နတ်ရေကန်ဂိုဏ်း" စတဲ့ဂိုဏ်းတွေအပြင် "ဝူတန်"၊ "ခွန်းလွန်"၊ "ဝေါ်မေ" စတဲ့ အဖြူရောင်ဂိုဏ်းတွေကလည်း ခြေရာခံလိုက်နေကြတာကြောင့် အမြဲတမ်း အန္တရာယ်ဝိုင်းနေခဲ့ရပြီး မြင်းနက်ရှင် လူငယ်လေး "ဟူရင်လုံ" ရဲ့ ကူညီစောင့်ရှောက်ပေးမှုကြောင့် "ချင်အင်းဝေ" တစ်ယောက် အသက်ရှူ ချောင်ခဲ့ရပါတယ်။
မြင်းနက်ကလေး "မဟူရာ" ရဲ့ ပိုင်ရှင်ဖြစ်သူ "ဟူရင်လုံ" ဟာ "ချင်အင်းဝေ" ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပေမယ့် "နဂါးမင်းလျှို့ဝှက်ချက်" ကို လိုချင်သူတွေကလည်း အဆမတန် များပြားလာတဲ့အခါ နောက်ဆုံးမှာတော့ "ချင်အင်းဝေ" ဟာ "နဂါးမင်းလျှို့ဝှက်ချက်" ရဲ့ "အညွှန်းလင်္ကာ" ကို နတ်ရဲ "ဆိုင်တာမူ" ကို ဖွင့်ပြောပြခဲ့ရပြီး အပြန်အလှန်အနေနဲ့ နတ်ရဲနန်းတော် ရဲ့ "နဝဗျူဟာ သိုင်းပဒေသာကျမ်း" ကို "ဟူရင်လုံ" ရဲ့ အကူအညီနဲ့ လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။
"ချင်အင်းဝေ" ဟာ စဥ်းစားဆင်ခြင်ဉာဏ်နည်းပါးပြီး တစွတ်ထိုး လုပ်ကိုင်တတ်ပေမယ့် "လျှို့ဝှက်လင်္ကာ" ကိုတော့ "ဆိုင်တာမူ" ကို အပြည့်အစုံ ပြောမပြခဲ့ဘဲ စကားလုံးတချို့ ပြောင်းလဲပြောဆိုခဲ့တာကြောင့် "ဆိုင်တာမူ" လည်း "အဆင့်မြင့်သိုင်းပညာ"၊ "အဖိုးတန်လက်နက်" နဲ့ "အရေးကြီးလျှို့ဝှက်ချက်" တွေရှိတယ်လို့ သိုင်းလောကမှာ သတင်းကြီးနေတဲ့ "နဂါးမင်းလျှို့ဝှက်ချက်" ကို ဘယ်လိုမှ ရှာမတွေ့နိုင် ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် "ဟူရင်လုံ" နဲ့ "ချင်အင်းဝေ" တို့ဟာ ချစ်သူတွေဖြစ်သွားကြပြီး အရာရာမှာ သိုသိပ်လျှို့ဝှက်လွန်းတဲ့ "ဟူရင်လုံ" ကို "ချင်အင်းဝေ" က အထင်လွဲတဲ့အတွက် မကြာခဏ လမ်းခွဲသွားလေ့ရှိပေမယ့် နောက်ဆုံးမှာတော့ "တာရာ ၉ ဖော်" စောင့်ကြပ်နေတဲ့ "မှောင်ရိပ်လိုဏ်ဂူ ၇ ခု" ထဲ အတူတကွ ဝင်ရောက်ကာ "နဂါးမင်းလျှို့ဝှက်ချက်" ဖြစ်တဲ့ "နေလတံခွန် အမိန့်ပေးရွှေပြား" ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
နောက်ဆုံးမှာ "ဟူရင်လုံ" ဟာ သိုင်းလောကမှာ သတင်းကြီးနေတဲ့ "နဂါးမင်းလျှို့ဝှက်ချက်" ဟာ သူ့ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်နေမှန်း တွေ့ရှိလာရပြီး ဖခင်ရင်း "ဆံပင်နီဘီလူး"၊ မွေးစားဖခင် "ကျန်းချိန်ယိ"၊ မြေခွေး "ထန်းလန်"၊ လူထူးဆန်း "ချင်ထန်း" တို့ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က အဖြစ်အပျက်တွေကို သိလိုက်ရတဲ့အခါ ... ။
[ရှေးဟောင်းသိုင်းစာစဥ်တွေရဲ့ ထုံးစံအတိုင်း "တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "ဓါးသူဇာ၏ ချစ်ကံကြမ္မာ" စာစဥ်တွဲမှာ "ဓါးသူဇာ၏ ချစ်ကံကြမ္မာ" (ပ+ဒု)၊ အရိုင်းမာယာ သိုင်းကညာ (ပ+ဒု)၊ မှောင်ရိပ်လိုဏ်ဂူ (ပ+ဒု+တ) တို့ပါဝင်ပါတယ်]
("တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "ဓါးသူဇာ၏ ချစ်ကံကြမ္မာ"၊ ၇ အုပ်တွဲ သိုင်းစာစဥ်ဟာ "ရဲမင်းဟိန်း" ရဲ့ "နတ္ထိတောင်ကုန်းမှ သိုင်းသမား"၊ ၅ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်း ဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "ဓါးသူဇာ၏ ချစ်ကံကြမ္မာ" ကို ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်)
📚 ၇ အုပ်တွဲ