စိတ်ထင်ရာကို တစ်ဇွတ်ထိုးလုပ်တတ်တာကြောင့် "အဆိပ်လက်နက် အရူးတေလေ" လို့ နာမည်ကြီးနေတဲ့ "ကျင်းဆုယီ" ဟာ ပင်လယ်ပြင်ထဲက "မြွေကျွန်း" မှာနေထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီး အဖြူရောင်သိုင်းလောကသားတွေကြားထဲ အပေါင်းအသင်းမိတ်ဆွေ နည်းပါးလှပေမယ့် "မိုးတောင်ဂိုဏ်း" က "ဖုန်းလင်" ရဲ့ သမီး၊ ဖြူစင်ရိုးသားလွန်းတဲ့ "လီဆင်းမေ"၊ "မန်းဆန်းတောင်ဂိုဏ်း" က "လီဆုလျန်" ရဲ့ တပည့်၊ စိတ်ထားနူးညံ့လွန်းတဲ့ "ကုကြီးဝှာ"၊ ရက်စက်ခက်ထန်ပြီး စိတ်ထင်ရာလုပ်တတ်တဲ့ လိမျိုးဆက်မိန်းကလေး "လိဆင့်နန်" တိုရဲ့ ချစ်ခင်မှုကို ရရှိထားသူဖြစ်ပါတယ်။
မိန်းကလေး "ကုကြီးဝှာ" ရဲ့ ဖခင်ရင်းဖြစ်သူ မိစ္ဆာကြီး "မင်းဆင်ထုံး" ကတော့ "အေးစိမ့်ယက္ခသိုင်းပညာ" အားကိုးနဲ့ ထင်ရာစိုင်းနေတဲ့ အနက်ရောင်သိုင်းထိပ်သီးတစ်ဦးဖြစ်ပြီး "လိ" မိသားစုကို သတ်ဖြတ်ကာ သိုင်းကျမ်းတွေကို လုယက်ယူဆောင်သွားခဲ့တာကြောင့် "လိဆင့်နန်" က "မင်းဆင်ထုံး" ကို ရန်ကြွေးဆပ်ဖို့ ကြိုးစားရင်း လိမျိုးဆက် သိုင်းဘိုးအေကြီး "ကျောင်းပေမိန်း" ရဲ့ သိုင်းကျမ်းတွေကို ရှာဖွေဖို့ "ကျင်းဆုယီ" နဲ့အတူ "ကျွန်းရိုင်းကြီး" ဆီ ထွက်ခွာသွားတဲ့အခါ "မင်းဆင်ထုံး" လည်း နောက်ယောင်ခံ လိုက်သွားခဲ့ပြီး သိုင်းကျမ်းတစ်ဝက်ကို လုယူခဲ့ပြန်ပါတယ်။
အဲဒီနောက် "မင်းဆင်ထုံး" ဟာ အဆိပ်ဘုရင် "ဆီးမင်းမု"၊ နန်းတော်ထိန်း "ကွမ်" တိို့နဲ့ပေါင်းပြီး မန်းဆန်းတောင်ဂိုဏ်းချုပ် "ချောင်းကျင်အော" အပါအဝင် သိုင်းလောကသားတွေကို ဖမ်းချုပ်ခဲ့တာကြောင့် "ကျင်းဆုယီ" နဲ့ "လိဆင့်နန်" တို့က ကယ်တင်ပေးခဲ့ပေမယ့် သူတိုနှစ်ဦးလုံးဟာ အဖြူမကျ၊ အနက်မကျ တစ်ဇွတ်ထိုးသမားတွေဖြစ်တဲ့အတွက် သိုင်းလောကသားတွေက အကောင်းမမြင်ကြသလို မိန်းမဆိုး "လိဆင့်နန်" နဲ့ ပတ်သက်ခဲ့တာကြောင့်လည်း "ကုကြီးဝှာ" က "ကျင်းဆုယီ" ကို စိတ်နာသွားခဲ့ပါတယ်။
တကယ်တော့ "ကျင်းဆုယီ" ဟာ "ကျောင်းပေမိန်း" ရဲ့ သိုင်းကျမ်းရရှိအောင် အတူလုပ်ဆောင်ပေးဖို့ ကတိစကား ထားရှိခဲ့မိတာကြောင့် "လိဆင့်နန်" ကို မလွှဲမရှောင်သာ ကူညီပေးနေရတာဖြစ်ပြီး သူ့ရင်ထဲ စွဲလမ်းနေရသူကတော့ "ကုကြီးဝှာ" ဖြစ်ပါတယ်။
ဒါကြောင့် သိုင်းထိပ်သီး "ထန်ရှောင်းလန်" နဲ့ မိစ္ဆာကြီး "မင်းဆင်ထုံး" တို သိုင်းပညာယှဥ်ပြိုင်ဖို့ ချိန်းဆိုထားကြတဲ့နေရာမှာ နန်းတော်ထိန်း "ကွမ်" က ယမ်းတွေမြှုပ်နှံကာ သိုင်းလောကသားတွေကို လုပ်ကြံဖို ကြံစည်ထားတာကို "ကျင်းဆုယီ" က ဖော်ထုတ်ပေးနိုင်ခဲ့ပြီးနောက် သိုင်းလောကသားတွေရဲ့စုပေါင်းတိုက်ခိုက်မှုနဲ့ "မင်းဆင်ထုံး" သေဆုံးသွားပြီးတဲ့အခါမှာတော့ "ကုကြီးဝှာ" ကတဆင့် ပြန်ရလာတဲ့ "ကျောင်းပေမိန်း" ရဲ့ သိုင်းကျမ်းတစ်ဝက်ကို "လိဆင့်နန်" ဆီ ပြန်ပေးရင်း သူတိုနှစ်ဦးရဲ့ ပတ်သက်မှုကို အဆုံးသတ်ခဲ့ပါတယ်။
ဒါပေမဲ့ အချစ်ကြီးသလို အမျက်လည်းကြီးတဲ့ "လိဆင့်နန်" က အားလုံးကို ရန်ငြိုးဖွဲ့ခဲ့ပြီး မန်းဆန်းတောင် ဂိုဏ်းချုပ်ဖြစ်လာတဲ့ "ကုကြီးဝှာ" ကို အဆိပ်နဲ့ လုပ်ကြံကာ "ကျင်းဆုယီ" ကို သူ့ရှေ့မှာ လာရောက် ဒူးထောက်ပြီး ဖြေဆေးတောင်းခံစေတဲ့အခါ ... ။
📚 ၁၀ အုပ်တွဲ