သိုင်းရာဇာတစ်ဦးဖြစ်သူ တိမ်လက်ဝါး "ယန့်ရှောင်ထင်း" နဲ့ မိတ်ဆွေတစ်စုဟာ "အလံတစ်ရာတောင်ကြား" မှာ ဖိုမအတွင်းအားပိုင်ရှင် "ပုယန်းချိ" ဦးဆောင်တဲ့ အနက်ရောင်သိုင်းလောကသားတွေရဲ့ ဝိုင်းဝန်းလုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
"ယန့်ရှောင်ထင်း" ရဲ့ ၃ နှစ်အရွယ် သားကလေး "ယန့်ကျင်းလိန်" ကို ခုနစ်စဥ်ကြယ်ဓါး "အိုကူရွက်" က ခေါ်ဆောင်သွားခဲ့ပြီး "ယန့်ရှောင်ထင်း" ရဲ့ မိတ်ဆွေ အပြုံးသိုင်းသမား "မုယုံကျူး" ရဲ့သမီး "မုယုံသန်း" ကိုတော့ တောင်ပင်လယ် သီလရှင် "အိချင်း" က ခေါ်ဆောင်သွားခဲ့ပါတယ်။
တကယ်တော့ "အိုကူရွက်" ဟာ သိုင်းလောကက လူဆိုးကြီးလို သတ်မှတ်ခံထားရသူဖြစ်သလို "ယန့်ရှောင်ထင်း" ရဲ့ လက်ချက်ကြောင့် သားဖြစ်သူ သေဆုံးခဲ့ရတဲ့အတွက် လက်စားချေတဲ့အနေနဲ့ "ယန့်ကျင်းလိန်" ကို ဒုစရိုက်ရာဇာကြီးအဖြစ် ပြုစုပျိုးထောင်ဖို့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
၁၅ နှစ်ကြာမြင့်ပြီးတဲ့နောက်မှာတော့ လူငယ်သိုင်းသမား "ယန့်ကျင်းလိန်" ဟာ မွေးစားဖခင် "အိုကူရွက်" ရဲ့ "မြင်း ၈ ကောင်ဆွဲရထား" နဲ့အတူ သိုင်းလောကမှာ ထွက်ပေါ်လာခဲ့ပြီး "အလံတစ်ရာတောင်ကြားတိုက်ပွဲ" မှာ ပါဝင်ပတ်သက်ခဲ့သူတွေကို လိုက်လံဖော်ထုတ်ပါတော့တယ်။
"ယန့်ကျင်းလိန်" ဟာ သိုင်းလောကမှာ ကျင်လည်ရင်း ရေခဲတောင်ဒေဝီ "လုပင်းယင်" ရဲ့ တပည့်မလေး "စွေ့အိဖိန်း"၊ "ကွန်လိုင်တောင်ကြား" က မိန်းကလေး "ယိုပေရင်း"၊ "ဝူစန်းတောင်" က လူငယ်လေး "စီချူမန်း" တိုနဲ့ ဆုံတွေ့ခင်မင်သွားခဲ့ပြီး သူ့ရဲ့ ခက်ထန် ကြမ်းတမ်းစိတ်တွေဟာလည်း နူးညံ့လာခဲ့ပါတယ်။
ဒီလိုနဲ့ "ယန့်ကျင်းလိန်" ဟာ ဖခင်သေဆုံးမှုအတွက် လက်စားချေဖို့ ကြိုးစားနေရင်း တစ်ချိန်တည်းမှာပဲ မွေးစားဖခင် "အိုကူရွက်" အပါအဝင် သိုင်းလောက အကျော်အမော်တွေကို အဆိပ်နဲ့ ထိန်းချုပ်ပြီး သိုင်းလောကကို စိုးမိုးဖို့ ကြံစည်နေတဲ့ "အမှောင်ဂိုဏ်း" အကြောင်း သိရှိလာတဲ့အခါ ... ။
(တက္ကသိုလ်နေလင်းအောင်ရဲ့ "အမှောင်ကမ္ဘာမှ သိုင်းရာဇာ"၊ ၃ အုပ်တွဲ သိုင်းစာစဥ်ဟာ မောင်နှင်းဆွေရဲ့ "မိုးဖြိုလက်ဝါး"၊ ၁၀ အုပ်တွဲသိုင်းစာစဥ်နဲ့ တူညီတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အများအပြားရှိနေပါတယ်)
📚 ၃ အုပ်တွဲ