သိုင်းလောကရဲ့ နံပါတ် ၁ လက်နက်ပုန်းအဖြစ် သတ်မှတ်ထားတဲ့ "မိုးကြိုးသွား" လက်နက်ပုန်းဟာ "ထင်းရှူးကျေးရွာ" က မိုးကြိုးသိုင်းသမား "ခုံးဟူ" တီထွင်ခဲ့တဲ့ လက်နက်တစ်မျိုးဖြစ်ပြီး သိုင်းလောကတစ်ခုလုံးက ကြောက်ရွံကြပါတယ်။
မိုးကြိုးသိုင်းသမား "ခုံးဟူ" ကွယ်လွန်သွားပြီးနောက် သားဖြစ်သူ "ခုံးမင်" လက်ထက်မှာတော့ "ခုံးမင်" ရဲ့ မိတ်ဆွေဖြစ်သူ ထင်းရှဂိုဏ်းချုပ် "ဟူကျန်းစု" က မိုးကြိုးသွား လက်နက်ပုန်းကို အသုံးချပြီး သိုင်းလောကတစ်ခုလုံးကို စိုးမိုးချုပ်ကိုင်လာပါတယ်။
ဒါကြောင့် "နဂါးဂိုဏ်း"က တိမ်ဖြူနဂါး "ထင်းကျန်"၊ အပြာရောင်နဂါး "စုကွမ်း"၊ အနီရောင်နဂါး "လျှံစု"နဲ့ အဝါရောင်နဂါး "ချိုလင်း" တို့က "ဟူကျန်းစု" ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာမှာတော့ "ဟူကျန်းစု" ခြေထောက်ပြတ်ပြီး ချောက်ထဲပြုတ်ကျသွားခဲ့သလို တိမ်ဖြူနဂါး "ထင်းကျန်" လည်း အသက်စွန့်ခဲ့ရပါတယ်။
အဲဒီလိုနဲ့ "ထင်းရှဂိုဏ်း" ပြိုကွဲသွားခဲ့ပေမယ့်"မိုးကြိုးသွားလက်နက်ပုန်း" ကို မဖျက်ဆီးရက်တဲ့ အရှေ့ပိုင်းသိုင်းရာဇာ "ရှောက်ထင်း"၊ အနောက်ပိုင်းသိုင်းရာဇာ "ဟိုရှောင်"၊ တောင်ပိုင်းသိုင်းရာဇာ "ကျုံးစန်း" နဲ့ မြောက်ပိုင်းသိုင်းရာဇာ "လူကုန်း" တို့ဟာ "မိုးကြိုးသွားလက်နက်ပုန်း" ကို တစ်ပိုင်းစီခွဲခြမ်းပြီး လျှို့ဝှက်သိမ်းဆည်းထားခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ "နဂါး ၃ ကောင်" ဟာ "ထင်းကျန်" ရဲ့သား "တင်းမိန်" ကို ဖခင်နေရာဆက်ခံမယ့် နဂါးတစ်ကောင်အဖြစ် ဝိုင်းဝန်းပျိုးထောင်ပေးခဲ့ကြပြီး အရွယ်ရောက်လာတဲ့အခါ အဖြူရောင်သိုင်းသမားတစ်ဦးအဖြစ် သိုင်းလောကထဲမှာ ကျင်လည်စေခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် "တင်းမိန်" တစ်ယောက် သိုင်းလောကထဲဝင်ရောက်လာချိန်မှာ နှစ်ပေါင်းအတန်ကြာ တိမ်မြုပ်နေတဲ့ "ထင်းရှဂိုဏ်း" က ပြန်လည်လှုပ်ရှားလာခဲ့ပြီး "သိုင်းရာဇာ ၄ ယောက်" ထံမှာ ခွဲခြားသိမ်းဆည်းထားတဲ့ "မိုးကြိုးသွားလက်နက်ပုန်း" ကို ပြန်လည်ရယူဖို့ ကြိုးစားခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ အရှေ့ပိုင်းသိုင်းရာဇာ "ရှောက်ထင်း"၊ အနောက်ပိုင်းသိုင်းရာဇာ "ဟိုရှောင်" နဲ့ မြောက်ပိုင်းသိုင်းရာဇာ "လူကုန်း" တို့ လုပ်ကြံခံလိုက်ရတဲ့အတွက် "တင်းမိန်"၊ တောင်ပင်လယ်ကျွန်းသခင် ရဲ့ သမီး ချင်းချင်း"၊ "သမားတော်သိုင်းသမား" နဲ့ အဖြူရောင်သိုင်းသမားတချို့ဟာ တောင်ပိုင်းသိုင်းရာဇာ "ကျုံးစန်း" ကို ဝိုင်းဝန်းကာကွယ်ပေးခဲ့ကြပါတယ်။
အဲဒီလို ဝိုင်းဝန်းကာကွယ်ပေးကြတဲ့အတွက် "ကျုံးစန်း" တစ်ယောက် အသက်ရှင်ခဲ့ပေမယ့် သူသိမ်းဆည်းထားတဲ့ "မိုးကြိုးသွားလက်နက်ပုန်း" အစိတ်အပိုင်းကတော့ ပျောက်ဆုံးသွားတာကြောင့် အစိတ်အပိုင်းတွေကို ပြန်လည်ပေါင်းစပ် တပ်ဆင်ပေးနိုင်သူ လက်နက်ပုန်းပညာရှင် "ခုံးမင်" ကိုပဲ "ထင်းရှဂိုဏ်း" လက်ထဲ ပြန်မရောက်သွားအောင် ဝိုင်းဝန်းကာကွယ်ဖို ဆုံးဖြတ်ခဲ့ရပါတော့တယ်။
"ကျုံးစန်း" အပါအဝင် မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ သိုင်းရာဇာတွေကို တိုက်ခိုက်သတ်ဖြတ်ပြီး "မိုးကြိုးသွားလက်နက်ပုန်း" ကို ရယူသွားသူဟာ တချိန်က သေဆုံးသွားပြီလို ထင်မှတ်ထားခဲ့တဲ့ ထင်းရှဂိုဏ်းချုပ် "ဟူကျန်းစု" ဆိုတာ သိလိုက်ရပြီး လက်နက်ပုန်းပညာရှင် "ခုံးမင်" ကိုလည်း "ဟူကျန်းစု" လက်ထဲပြန်မရောက်သွားစေဖို့ စနစ်တကျ ဝိုင်းဝန်းကာကွယ်နေတဲ့ကြားက "ဟူကျန်းစု" က လုယူခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။
အဲဒီလို ကျကျနန စီစဥ်ထားခဲ့တဲ့ အစီအစဥ်တွေ တစ်ခုပြီးတစ်ခု လွဲချော်ကုန်တဲ့အခါ "တင်းမိန်" လည်း အဖွဲ့ထဲမှာ သစ္စာဖောက်တစ်ယောက်ယောက်ရှိနေပြီဆိုတာ သံသယဖြစ်မိပေမယ့် ဘယ်လိုမှ မဖော်ထုတ်နိုင်ခဲ့ဘဲ သူကိုယ်တိုင်လည်း ရန်သူထောင်ချောက်မိပြီး "ထင်းရှဂိုဏ်း" မှာ အဖမ်းခံခဲ့ရပါတယ်။
ဒါပေမဲ့ ခြေတစ်ဖက်ပြတ်ပြီး တောင်ပေါ် က ပြုတ်ကျသွားခဲ့သူ "ဟူကျန်းစု အစစ်" ဟာ သံဝေဂရပြီး ရဟန်းဝတ်နေခဲ့ပေမယ့် သူ့အမည်ကို အလွဲသုံးစားလုပ်နေတဲ့ "ဟူကျန်းစု အတု" ရဲ့သတင်းကြားမိတဲ့အတွက် ဖော်ထုတ်ဖို့ သိုင်းလောကထဲ ပြန်ဝင်လာတဲ့အခါ ... ။
📚 ၄ အုပ်တွဲ