လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
သိုင်းလောကရဲ့ ပြိုင်ဘက်ကင်းဓါးသမား နှစ်ဦးဖြစ်တဲ့ "စီးမင်းချွေးရှက်" နဲ့ "ရက်ကူးချန်" တို့ ဓါးပညာချင်းယှဥ်ပြိုင်ဖို ချိန်းဆိုခဲ့ကြပြီးနောက် အနိုင်အရှုံးကို အလောင်းအစားပြုလုပ်သူတွေ၊ စိတ်ဝင်တစား စောင့်ကြည့်သူတွေ ပေါ်ပေါက်လာသလို စိန်ခေါ်ပွဲဖြစ်မြောက်ခဲ့ရင် တဦးဦးတော့ ကျိန်းသေ သေဆုံးသွားရမယ်ဆိုတာသိတဲ့ "လုရှောင်ဖုန့်" ကလည်း မိတ်ဆွေတွေကို မဆုံးရှုးလိုတဲ့စိတ်နဲ့ စိန်ခေါ်ပွဲကို ဖျက်သိမ်းပစ်ဖို့ သူတိုနှစ်ဦးစလုံးကို လိုက်လံတွေ့ဆုံ ဖျောင်းဖြခဲ့ပါတယ်။
ဒါပေမဲ့ မအောင်မြင်ခဲ့ဘဲ သူတိုနှစ်ဦးဟာ နန်းတွင်းက "ဘုရင့်နန်းတော်ခေါင်မိုး" မှာ ယှဥ်ပြိုင်တိုက်ခိုက်ဖို ချိန်းဆိုခဲ့ကြပြီးနောက် ပိုင်နက်ကိုယ်စီ ခွဲခြားကြီးစိုးနေကြတဲ့ "လီရက်ပေ" နဲ့ "တုတုံကျန်း" တိုဟာလည်း သူတို့ရဲ့ ပိုင်နက်နယ်မြေတွေကို "စီးမင်းချွေးရှက်" နဲ့ "ရက်ကူးချန်" တို့ရဲ့ စိန်ခေါ်ပွဲမှာ လောင်းကြေးထပ်ခဲ့ကြပါတယ်။
ကနဦးမှာ "လုရှောင်ဖုန့်" ဟာ မိတ်ဆွေတွေကို အကြောင်းမဲ့ အသက်မဆုံးရှုံးစေချင်စိတ်နဲ့သာ စိန်ခေါ်ပွဲကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် သိုင်းလောကသားတွေဖြစ်တဲ့ "ကုန်းစွန်းမမ"၊ "ကွေးစွန်း"၊ "ကျန်းရင်းဖုံး" တို့ လုပ်ကြံခံလိုက်ရသလို "တောင်ဘုရင် တုတုန်ကျန်း" နဲ့ "နန်းတွင်းသိုင်းသမား" တချို့ပါ ပါဝင်လှုပ်ရှားနေတာကို သိလိုက်ရပြီးနောက် စိန်ခေါ်ပွဲရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်မိတဲ့အခါ ... ။
( "တက္ကသိုလ်နေလင်းအောင်" ရဲ့ "အကောင်းဆုံးသိုင်းသမား၏ အဆုံးစွန်မေတ္တာ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "စိန်ခေါ်ပွဲ၏ လျှို့ဝှက်ချက်"၊ ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ "စိန်ခေါ်ပွဲ၏ လျှို့ဝှက်ချက်" ကို ၁၉၉၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "အကောင်းဆုံးသိုင်းသမား၏ အဆုံးစွန်မေတ္တာ" ကတော့ ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ