လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
တိုင်းပြည်ဘဏ္ဍာ သိန်း ၁၀၀ တန် ကျောက်သံ ပတ္တမြားတွေနဲ့ လက်ရွေးစင်သိုင်းသမား ၆၀ ဟာ တစ်ညအတွင်း ပျောက်ဆုံးသွားပြီးနောက် စွန်ရဲမျက်လုံး "လောက်ချစ်" ခေါင်းဆောင်တဲ့ တာဝန်ရှိသူတွေဟာ တရားခံကို တပူတပြင်း ရှာဖွေခဲ့ကြပေမယ့် သဲလွန်စ ရှာမတွေခဲ့ကြတဲ့အတွက် "လုရှောင်ဖုန့်" ကို အကူအညီတောင်းဖို့ လိုက်ရှာခဲ့ရပါတယ်။
အဲဒီအချိန်မှာ "လုရှောင်ဖုန့်" ဟာ "နိပွန်" နိုင်ငံကို အလည်အပတ်သွားဖို့ "ဝံပုလွေ" ရဲ့ ရွက်လှေနဲ့ ပင်လယ်ခရီးထွက်ခွာရင်း မုန်တိုင်းမိကာ ထူးဆန်းတဲ့ကျွန်းတစ်ကျွန်းပေါ် ရောက်ရှိသွားခဲ့ပြီးနောက် "ဝူမင်း" ဦးဆောင်တဲ့ လျှို့ဝှက်တဲ့ လူတစ်စုကို တွေ့ရှိခဲ့သလို "သစ်သား လူရုပ်တု" နဲ့ "သစ်သား ငါးရုပ်တု" အများအပြားကိုလည်း တွေ့ရှိခဲ့ပါတယ်။
အဲဒီ "လူရုပ်တု" တွေထဲမှာ လက်ရွေးစင်သိုင်းသမားတွေကို ထည့်သွင်းထားသလို "ငါးရုပ်" တွေထဲမှာတော့ "ကျောက်သံပတ္တမြား" တွေ တွေ့ရှိခဲ့ရပြီး လုယက်တိုက်ခိုက်မှုကို သူတိုအဖွဲ့ပြုလုပ်ခဲ့ကြောင်း "ဝူမင်း" က ဝန်ခံခဲ့ပေမယ့် တရုတ်နန်းတွင်းက သြဇာရှိသူတစ်ယောက်က ဂျပန်နိုင်ငံကို ပေးပို့တာဖြစ်တဲ့အတွက် တိုင်းတပါးလက်မရောက်စေရေး ကြားဖြတ်လုယူခဲ့ရတာဖြစ်ကြောင်း "ဝူမင်း" က ရှင်းပြခဲ့ပါတယ်။
တချိန်တည်းမှာ "လောက်ချစ်" တို့အဖွဲ့ဟာလည်း ရတနာပျောက်ဆုံးမှုကို ခြေရာခံမရဖြစ်နေကြပြီး "လုရှောင်ဖုန့်" ကိုလည်း ပင်လယ်ထဲသေဆုံးသွားပြီလို့ ထင်မှတ်နေခဲ့ကြပေမယ့် "လုရှောင်ဖုန့်" ကတော့ ကျွန်းပေါ်မှာ ချစ်သူဟောင်း "ဆာမန်း" (ခ) "ကျန်းဖေယို" နဲ့ ပြန်ဆုံဆည်းမိပြီး ကျွန်းပေါ်က အတူထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူတို့ချစ်သူနှစ်ဦးဟာ ကျွန်းပေါ်မှာရှိတဲ့ အတော်ဆုံးဓါးသမား "ကိုကျူး" နဲ့ "အမဲသားဟင်း" (ခ) "ဘိဖုံး" တို့ရဲ့လက်က လွတ်မြောက်ပြီး ပြည်မကို ပြန်လည်ရောက်ရှိလာခဲ့ကြပေမယ့် "ရတနာ" တွေကို တိုင်းတပါးကို ပေးပိုခဲ့တဲ့ "နန်းတွင်းသစ္စာဖောက်" တွေကို ဖော်ထုတ်မိချိန်မှာတော့ ... ။
("တက္ကသိုလ်နေလင်းအောင်" ရဲ့ "သိန်း ၁၀၀ နှင့် သိုင်းသမား ၆၀"၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ကိုယ်ပျောက်သောသူ" ၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်လမ်းဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "သိန်း ၁၀၀ နှင့် သိုင်းသမား ၆၀" ကို ၁၉၇၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ကိုယ်ပျောက်သောသူ" ကတော့ ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ