သိုင်းပညာမတတ်တဲ့ ရုပ်ဆိုးဆိုး တုံးအအ လူငယ်လေး "ဝမ်ယိစိန်း" ဟာ ဖခင် ရွှေဓါးရှင် "ဝမ်တုန်းထန်း"၊ ဘကြီး ငွေနတ် "လီလုံ" တို့က သိုင်းလောကမှာ အမည်ရသိုင်းသမားတွေဖြစ်ခဲ့သလောက် သူကတော့ လူတကာရဲ့ အခိုင်းစေခံ၊ အနှိမ်ခံ လူသားတစ်ယောက် ဖြစ်နေခဲ့ပါတယ်။
တစ်ရက်မှာတော့ "ခြူးလိုင်ကဝေ ၄ ဖော်" လက်ချက်နဲ့ သူနေထိုင်ရာ "လီကျားကျေးရွာ" ပျက်စီးသွားခဲ့တဲ့အတွက် "ဝမ်ယိစိန်း" လည်း ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ "ကျုံးနန်တောင်" ကို သွားခဲ့ပေမယ့် ဘာသိုင်းပညာမှ မယ်မယ်ရရ မတတ်တာကြောင့် ဦးရီးတော် "လီအော့" က ကယ်တင်ပြီး အဘွားဖြစ်သူ "လီလောင်" ထံမှာ သွားရောက်နေထိုင်ဖို့ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။
လမ်းခရီးမှာ မမျှော်လင့်ဘဲ သိုင်းလောကသားတွေ လိုချင်ကြတဲ့ "ကျောက်ဘူးတစ်ခု"၊ "ဓါးတစ်ချောင်း"၊ မိန်းမလှ "မာရှောင်ဖုန့်" တို့သားအမိ၊ အဘွားကြီး "တစ္ဆေနက်မ" နဲ့ သိုင်းမတတ်တဲ့ လူအလေး "ဝမ်ယိစိန်း" တို့ ပတ်သက်မိခဲ့ကြရာက သိုင်းလောက အရှုပ်အထွေးတွေကြားမှာ ပါဝင်လာခဲ့ပါတယ်။
"ကျောက်ဘူး" နဲ့ "ဓါး" ကို လုယူကြရင်း အဘွားကြီး "တစ္ဆေနက်မ" နဲ့ အဘွားအို "လီလောင်" တို့ "မာရှောင်ဖုန့်" လက်ချက်နဲ့ သေဆုံးသွားခဲ့ရပေမယ့် "မာရှောင်ဖုန့်" ကို စွဲလမ်းမိတဲ့ "ဝမ်ယိစိန်း" တစ်ယောက် အပြစ်မမြင်နိုင်တဲ့အပြင် "မာရှောင်ဖုန့်" နောက် တစ်ကောက်ကောက်လိုက်ရင်း စေခိုင်းသမျှကို လုပ်ဆောင်ပေးခဲ့ပါတယ်။
ကံကောင်းချင်တော့ သူရဲကောင်း "စံကွမ်းကျင့် "ရဲ့ "လိုဟန့်" သစ်သီး စားရတဲ့အတွက် အတွင်းအားကောင်းလာတဲ့ "ဝမ်ယိစိန်း" ဟာ နတ်လက်ညှိုးသခင် ဝိဇ္ဇာပု "ကြူးလျှံ" နဲ့ သွေးသောက်ညီအစ်ကို ဖြစ်လာခဲ့ပေမယ့်လည်း ထုံထိုင်းလွန်းတာကြောင့် "ကြူးလျှံ" သင်ကြားပေးတဲ့ သိုင်းတစ်ကွက်တောင် မတတ်မြောက်ခဲ့ပါဘူး။
မိန်းမလည် "မာရှောင်ဖုန့်" ဟာ "ဝမ်ယိစိန်း" ကို မာယာနဲ့မြူဆွယ်ပြီး ရေခဲတောင်လိုဏ်ဂူထဲက "သေတ္တာနက်ကလေး" ကို ယူခိုင်းခဲ့တဲ့အတွက် "ဝမ်ယိစိန်း" လည်း ၃ နှစ်တိတိ အသက်စွန့် ကြိုးစားခဲ့ပြီးနောက် "သေတ္တာနက်ကလေး" ကို ရရှိခဲ့ပေမယ့် အထဲမှာပါတဲ့ "ဖုရှုနတ်သိုင်းဓါး"၊ "နှစ်တစ်ထောင် ဓါးအိမ်" နဲ့ "စန်းယန်ဓါးသိုင်းကျမ်း" တိုကို မမက်မောဘဲ "မာရှောင်ဖုန့်" ကို ပေးအပ်ခဲ့ပါတယ်။
"မာရှောင်ဖုန့်" ရဲ့ မာယာတွေကိုသိတဲ့ ဖုကျန်ဓားသမား "ချိုက်ထန်းယန်" က "စန်းယန်ဓါးသိုင်းကျမ်း" ကို အရယူဆောင်ပြီး "ဝမ်ယိစိန်း" ကို "နတ်ဆရာတော်" ထံ အပ်နှံပေးခဲ့တဲ့အတွက် "နတ်ဆရာတော်" ရဲ့ ခွဲစိတ်ကုသပေးမှုနဲ့ "ဝမ်ယိစိန်း" လည်း မှတ်ဉာဏ်ကောင်းသူ ဖြစ်လာပြီး ချောမောတဲ့ ပင်ကိုယ်ရုပ်ရည်လည်း ပေါ်ထွက်လာပါတယ်။
ငါးနှစ်ခန့်ကြာမြင့်ပြီးနောက် သိုင်းလောကမှာ "ကြဲ့ထန်းဂိုဏ်း" အမည်ရှိတဲ့ အင်အားကြီး အနက်ရောင်ဂိုဏ်းတစ်ခုပေါ်ပေါက်လာပြီး သိုင်းဂိုဏ်းပေါင်းများစွာကို ဖျက်ဆီးသိမ်းပိုက်ခဲ့တာကြောင့် နှိမ်နင်းသူမဲ့ ဖြစ်နေချိန်မှာ သိုင်းပညာပြည့်စုံလာတဲ့ "ဝမ်ယိစိန်း" တစ်ယောက် သိုင်းလောကထဲဆင်းလာပြီး ချစ်ရသူ မာရှောင်ဖုန့် ဦးဆောင်တဲ့ "ကြဲ့ထန်းဂိုဏ်း" ကို ရင်ဆိုင်ရတဲ့အခါ ... ။
📚 ၆ အုပ်တွဲ