လူငယ်လေး "ဖန်ကိုညင်" ဟာ ဆရာဖြစ်သူ ထင်ရိဂိုဏ်းချုပ် "ကျပ်ယု" ထံမှာ သိုင်းပညာသင်ယူနေရင်း "နေလကျေးရွာ" မှာ ကျန်ရစ်ခဲ့တဲ့ ဖခင် "ဖန်စောင်ထင်" ထံက အကြောင်းကြားစာ ရောက်လာတဲ့အတွက် အိမ်ကိုအမြန်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ရပြီး "မရဏ သွေးရထား" ကြောင့် သေဆုံးသွားတဲ့ ဖခင်ကို တွေ့မြင်ရပေမယ့် သိုင်းပညာနိမ့်ပါးတာကြောင့် ဖခင်ရဲ့သွေးကြွေးကို မဆပ်နိုင်ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် သိုင်းလောကထဲ ခြေဆန့်ရင်း "ဖန်ကိုညင်" ဟာ "တောင်ပင်လယ်" က လူရှုပ်"ညံရီလောင်း" ရဲ့လက်ထဲ ကျရောက်နေတဲ့ "ဝေဟင်ဂိုဏ်း" က သခင်မလေး "ရှမ်းမို" ကို ရုပ်ပြောင်း ရုပ်လွှပညာနဲ့ ကယ်တင်ခဲ့မိတဲ့အတွက် "ညံရီလောင်း" ရဲ့ ရန်ငြိုးထားမှုကို ခံခဲ့ရသလို "သံရောင် ဝံပုလွေ" နဲ့ "ငွေရောင် မြေခွေး" တို့ရဲ့ သိုင်းပညာအစမ်းသပ်ခံလူသားအဖြစ် လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးခဲ့ရပါတယ်။
ကံကောင်းထောက်မစွာနဲ့ "ထင်ရိဂိုဏ်း" က လူထူးဆန်း "စုံထီးစိုက်" နဲ့ ဆုံတွေ့မိပြီး "ထင်ရိဓါးကွက် ၂၄ ကွက်" နဲ့ "သက်တံ့ဓါး" ကိုရရှိခဲ့တဲ့အပြင် ဆရာကတော်ဖြစ်တဲ့ မိုးထိသခင်မ "စုံထိုက်ရီ" ရဲ့ "သိုင်းပေါင်းစုံ" ပညာကိုလည်း ရရှိပြီးနောက် "ထင်ရိဂိုဏ်းချုပ်" ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ "ဖန်ကိုညင်" ဟာ လူရှုပ် "ညံရီလောင်း" ရဲ့ ဖခင်ဖြစ်သူ တောင်ပင်လယ်သခင် "ညံဆောင်းမောင်" ရဲ့ လက်ချက်နဲ့ အဆိပ်မိခဲ့တာကြောင့် ရက် ၁၀၀ သာ အသက်ရှင်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
"ဖန်ကိုညင်" ကို ဝေဟင်ဂိုဏ်းချုပ်ကြီး "စောင်စူယွင်" က "လျှပ်စစ်လက်ညှိးသိုင်းပညာ" ကို လက်ဆောင်ပေးခဲ့ပြီး သွေးချောင်းဂိုဏ်းချုပ် "ရိမ့်ခေါင်" ကလည်း သူ့ဆီက အဆိပ်သွေးကို စုပ်ယူကာ အတွင်းအားပါ လွှပြောင်းပေးခဲ့ပါတယ်။
သွေးချောင်းဂိုဏ်းချုပ်ဟောင်း "ဝီပိ" ကလည်း အတွင်းအားနဲ့ သိုင်းကျမ်းငါးမျိုး လက်ဆင့်ကမ်းပေးခဲ့တဲ့အခါမှာတော့ "ဖန်ကိုညင်" ဟာ သိုင်းအကျော်အမော် ဖြစ်လာတဲ့အပြင် "သဲကန္တာရဂိုဏ်းချုပ်" ပါ ဖြစ်လာခဲ့ပြီးနောက်မှာတော့ ... ။
("တက္ကသိုလ်နေလင်းအောင်" ရဲ့ "ဝေဟင်လက်ဝါးသက်တံ့ဓါး"၊ ၈ အုပ်တွဲ သိုင်းစာစဥ်ဟာ "ဝဏ္ဏအောင်" ရဲ့ "မရဏသွေးရထား"၊ ၈ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ "ဝေဟင်လက်ဝါးသက်တံ့ဓါး" ကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "မရဏသွေးရထား" ကို ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၈ အုပ်တွဲ