လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်း ဖြစ်ပါတယ်။
သိုင်းလောကရဲ့ ဦးဆောင်သူဖြစ်တဲ့ "မိုးကြိုးရဲတိုက်သခင်ကြီး" ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီးနောက် တပည့်ရင်း ၂ ဦးဖြစ်သူ "စွန်ပိတု" နဲ့ "အိုယမ်းမှုန်" တို့ဟာ ခေါင်းဆောင်နေရာလုကြရင်း နောက်လိုက်ငယ်သားတွေပါ နှစ်ခြမ်းကွဲ တိုက်ခိုက်ကြရာက "မိုးကြိုးရဲတိုက်" ပြိုကွဲပျက်စီးသွားခဲ့ပြီး "စွန်ပိတု" နဲ့ "အိုယမ်းမှုန်" တိုလည်း ဇာတ်မြှုပ်ပျောက်ကွယ်သွားခဲ့ကြပါတယ်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် "ချွန်ကင်း မြို့စားကြီး" ရဲ့ ဘဏ္ဍာတိုက်ထဲက "ကျောက်သလင်း ဟင်္သာရုပ်တု" ကို အတုဝိဇ္ဇာ "မှောက်သိုက်" နဲ့ "လက်ပေါင်းတစ်ထောင်စောရ" တို့ပူးပေါင်းပြီး အတုနဲ့လဲယူသွားခဲ့တဲ့အတွက် မြို့စားကိုယ်ရံတော် ၄ ဦးထဲက တစ်ဦးဖြစ်တဲ့ "ချန်စွန်းယိုလင်း" က "ကျောက်သလင်း ဟင်္သာရုပ်တု" ပြန်လည်ရရှိဖို့အတွက် ခြေရာခံလိုက်ခဲ့ပါတယ်။
တကယ်တော့ "ကျောက်သလင်း ဟင်္သာရုပ်တု" ကို ခိုးယူပေးဖို့ အမှောင်လောကရဲ့ ထိပ်သီးတစ်ဦးဖြစ်တဲ့ ဝိဉာဥ်အရိပ် ကျေးရွာပိုင်ရှင် "ယန်းချွဲစန်း" က အတုဝိဇ္ဇာ "မှောက်သိုက်" တို့ကို အလုပ်အပ်နှံခဲ့တာဖြစ်ပြီး "ချန်စွန်းယိုလင်း" က "မှောက်သိုက်" နဲ့ "လက်ပေါင်းတစ်ထောင်စောရ" တို့ကို ခြေရာခံမိသွားတဲ့အခါ တစ်လအတွင်း "ကျောက်သလင်း ဟင်္သာရုပ်တု" ပြန်ပေးဖို့ အဆိပ်တိုက်ကျွေးကာ ဖိအားပေးခဲ့ပါတယ်။
ဒါကြောင့် "မှောက်သိုက်" တို့ကလည်း "ယန်းချွဲစန်း" လက်ထဲက "ကျောက်သလင်း ဟင်္သာရုပ်တု" ကိုပြန်ယူပေးဖို့ "လုံဆင်ပိ" တို့လူစုကို ငှားရမ်းစေခိုင်းခဲ့တာကြောင့် ဓါးသမား "လုံဆင်ပိ"၊ ကြေးစား "စုမာရှဲ" နဲ့ လူဝကြီး "ထန်ကျိုချင်း" တို့ သူငယ်ချင်းတစ်စုဟာ "ဝိဉာဥ်အရိပ်ကျေးရွာ" နဲ့ ရင်ဆိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ "ဝိဉာဥ်အရိပ်ကျေးရွာ" ပိုင်ရှင် "ယန်းချွဲစန်း" ကိုယ်တိုင်ဟာလည်း လျှို့ဝှက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကြိုးကိုင်စေခိုင်းခြင်း ခံခဲ့ရသူဖြစ်နေပြီး ထိပ်တန်းသိုင်းပညာကို သင်ကြားခွင့်ရမယ့် လက်မှတ်ဖြစ်တဲ့ "ကျောက်သလင်း ဟင်္သာရုပ်တု" အတွက် သစ္စာဖောက်ကြသူတွေအထဲမှာ မြို့စားကိုယ်ရံတော်တွေပါ ပါဝင်နေတာကို သိလိုက်ကြရတဲ့အခါ ... ။
📚 လုံးချင်း