လူငယ်လေး "ရန်ဝါလေး" ဟာ "ရှောင်ကျင်ချွမ်း" ဒေသ က မန်ချူးတော်လှန်ရေးခေါင်းဆောင် "မင်ယွင်ချောင်" ရဲ့ သားအရင်းဖြစ်ပေမယ့် သူ့ရဲ့ မိဘမျိုးရိုးဇစ်မြစ်ကို အတိအကျမသိရှိခဲ့ဘဲ ဆရာ ၃ ဦးရဲ့လက်ထဲမှာ သိုင်းပညာမျိုးစုံ သင်ကြားရင်း ကြီးပြင်းလာခဲ့ရပါတယ်။
"ရန်ဝါလေး" ရဲ့ နောက်ဆုံးဆရာ "တန်ချူစိန်း" ဟာ "ခုန်တုန်" ဂိုဏ်းသားဟောင်းတစ်ဦးဖြစ်ပေမယ့် လူသတ်မှုနဲ့ အထင်လွဲစွပ်စွဲခံရပြီး "ခုန်တုန်ဂိုဏ်း" က ထုတ်ပယ်ခံထားရတာကြောင့် "ရန်ဝါလေး" ကို ဆုံးခန်းတိုင် သိုင်းပညာသင်ကြားမပေးနိုင်ခဲ့ဘဲ "ရန်ဝါလေး" အသက် ၁၇ နှစ်အရွယ်မှာ ကွဲကွာသွားခဲ့ပြန်ပါတယ်။
ဒါပေမဲ့ သိုင်းပညာနဲ့ ပတ်သက်ရင် ကံကောင်းသူ "ရန်ဝါလေး" ဟာ "ဓါးတောင်" ပေါ်မှာရှိတဲ့ "လျှို့ဝှက်လိုဏ်ဂူ" ထဲက သိုင်းပညာရှင်ကြီး "ချန်တန်ဖုန်" ရဲ့ "အမည်မဲ့ဓါးသိုင်း ၁၈ ကွက်" ကို ရရှိခဲ့တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းသိုင်းသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ ဆရာတစ်ဦးဖြစ်သူ "တုန်ဆုန်းဂိုဏ်း" က "တန်ချူးခေ့" က မန်ချူးတော်လှန်ရေးခေါင်းဆောင် "မင်ယွင်ချောင်" နဲ့ သိုင်းပညာယှဥ်ပြိုင်ကြည့်ဖို့ "မင်မိသားစု ဓါးသိုင်းကျမ်း" ကို ပေးပြီး တာဝန်ပေးသွားတဲ့အတွက် "ရန်ဝါလေး" လည်း "မင်ယွင်ချောင်" ကို လိုက်လံရှာဖွေခဲ့ပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာတော့ "ရန်ဝါလေး" ဟာ မိခင်ဖြစ်သူ အမျိုးသမီး သူရဲကောင်း "ယွမ်ကျိလို" ရဲ့ အုတ်ဂူကို လာရောက် ဂါရဝပြုစဥ် သူက ဖခင်လို့ ထင်မှတ်ထားခဲ့တဲ့ "ရန်မူ" ရောက်လာပြီး မိသားစုအတွင်းရေးကိစ္စတွေ ပြောကြားခဲ့ရာက အစပြုလို့ သူဟာ "ရန်မူ" ရဲ့သား မဟုတ်ဘဲ "မင်ယွင်ချောင်" နဲ့ "ယွမ်ကျိလို" တို့ရဲ့သားဖြစ်ကြောင်း နောက်ပိုင်းမှာ တဖြည်းဖြည်း သိလာခဲ့ပါတယ်။
"ရန်ဝါလေး" ဟာ မျိုးချစ်သိုင်းသမားတွေဆီ ဘယဆေးမြစ်တွေ သွားရောက်ပို့ဆောင်နေတဲ့ "ကျင်ယွမ်" အာမခံဌာနမှူး "ဟန်ဝေဝူ" ကတဆင့် ဖခင် "မင်ယွင်ချောင်" ကို လိုက်လံရှာဖွေရင်း မျိုးချစ်သိုင်းသမား "ကျင်းစိလူ" ရဲ့သမီး "ကျင်းဖဲကြည်" နဲ့ ရေစက်ဆုံခဲ့ပါတယ်။
"ရန်ဝါလေး" ဟာ မျိုးချစ်စိတ်ရှိသူတစ်ယောက် ဖြစ်ပေမယ့် မွေးစားဖခင် "ရန်မူ" ကတော့ မန်ချူးသစ္စာခံတစ်ဦး ဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ မပြေမလည်ဖြစ်ခဲ့ရပြီး "ရန်ဝါလေး" လည်း ဖခင်ရင်း "မင်ယွင်ချောင်" ရဲ့ "မင်မျိုးရိုး" ကို ခံယူကာ "မင်ဝါလေး" အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "မင်ဝါလေး" ဟာ ဖခင်ရဲ့ခြေရာအတိုင်း မန်ချူးတော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ရင်း "တိဗက်" ဒေသက "ပူတာလကျောင်းတော်"၊ "စင်ကျန်" နယ်က "စော်ဘွားဒေသ" တွေအထိ အောင်မြင်မှုတွေ ရခဲ့သလို ကွဲကွာနေခဲ့တဲ့ မအေတူ ဖအေကွဲ ညီဖြစ်သူ "ရန်ရန်း" ကိုလည်း ရှာဖွေနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မန်ချူးသစ္စာခံ ဖြစ်နေတဲ့ မွေးစားဖခင် "ရန်မူ" ရဲ့ ပုံရိပ်ဆိုးအောက်မှာ "မင်ဝါလေး" တစ်ယောက် အပြည့်အဝ ရုန်းမထွက်နိုင်ခဲ့သေးဘဲ မျိုးချစ်ဂိုဏ်းတချို့ရဲ့ အထင်လွဲမှုကို ခံရသလို ကောက်ကျစ်ယုတ်မာတဲ့ "တာလိ" နယ်က မြိုစားလေး "တန်ကျန်ချင်" ရဲ့ သွေးထိုးလှုဆော်မှုတွေကြောင့် ပြဿနာတွေ ပိုမိုကြီးထွားလာတဲ့အခါ ... ။
📚 ၁၀ အုပ်တွဲ