လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က သိုင်းလောကကို စိုးမိုးချင်တဲ့ "မို" မျိုးနွယ်ဝင် သိုင်းသမားတစ်ယောက်ဟာ ဂိုဏ်းပေါင်းစုံက ဂိုဏ်းချုပ်တွေကို ထူးဆန်းတဲ့ အဆိပ်နဲ့ အကောက်ကြံပြီး ဂိုဏ်းအသီးသီးရဲ့ ထိပ်တန်းသိုင်းကွက်တွေကို မှတ်တမ်းတင်ရယူထားနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်လည်း အဆိပ်မိ သေဆုံးသွားခဲ့ပါတယ်။
မျိုးဆက် နှစ်ဆက် အကြာမှာတော့ "ယိုးလင်ဂေဟာ" က "ယိုးလင်မောင်နှမလေးဖော်" လို့ အမည်တွင်တဲ့ "မိုပိုက်ရိ"၊ "မိုချုံရိ"၊ "မိုစုရိ"၊ "မိုရှုရိ" မောင်နှမ ၄ ယောက်ဟာ ကွယ်လွန်သွားတဲ့ ဖခင်ရဲ့ မှတ်တမ်းစာအုပ်ကို ဖတ်မိရာက အဖိုးဖြစ်သူအကြောင်းနဲ့ ဂိုဏ်းပေါင်းစုံ သိုင်းမှတ်တမ်းအကြောင်းကို သိလာခဲ့ကြပြီး "သိုင်းမှတ်တမ်းစာအုပ်" ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကရဲ့ နံပါတ် ၁ ဓါးသမားက "သံသေဓါး" ပိုင်ရှင် "လီထိုက်ဟို" ဖြစ်ပြီး သူဟာ လူသတ်ရမှာကို အလွန်ဝန်လေးတဲ့ ငြိမ်းချမ်းရေးသမားတစ်ဦးဖြစ်တာကြောင့် "လီထိုက်ဟို" ကို အသုံးချပြီး "သိုင်းမှတ်တမ်းစာအုပ်" ကို ရှာဖွေဖို့ "ယိုးလင်မောင်နှမလေးဖော်" က ကြံစည်ခဲ့ပါတယ်။
"သိုင်းမှတ်တမ်းစာအုပ်" ကို တစ်ဦးတည်း အပိုင်စီးချင်တဲ့ "ယိုးလင်မောင်နှမလေးဖော်" ထဲက "မိုချုံရိ" ဟာ "မုန်အင်းကျားရဲငါးယောက်" နဲ့ ပူးပေါင်းပြီး ညီအစ်ကိုအချင်းချင်း သစ္စာဖောက်ခဲ့ပေမယ့် "လီထိုက်ဟို" က ဖော်ထုတ်ပေးနိုင်ခဲ့တဲ့အတွက် အကြံအစည်ပျက်ပြားသွားခဲ့သလို "မုန်အင်းကျားရဲငါးယောက်" နဲ့ "လီထိုက်ဟို" တို့လည်း ရန်သူတွေ ဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက် တိုက်ပွဲအတွင်းမှာ "မုန်အင်းကျားရဲနှစ်ယောက်" နဲ့ "မိုချုံရိ" တို့ သေဆုံးသွားခဲ့ကြသလို "လီထိုက်ဟို" နဲ့ ညီမထွေးလေး "မိုရှုရိ" တို့လည်း ချစ်သူတွေ ဖြစ်သွားကြပြီး အရာရာမှာ သည်းခံစိတ်များလွန်းသူ "လီထိုက်ဟို"၊ အကောက်ကြံတတ်တဲ့ "မုန်အင်းကျားရဲသုံးယောက်"၊ ကျော်ကြားလိုစိတ်များတဲ့ "ထိုက်ဟူ နဂါးသုံးဖော်" တို့ရဲ့ ရန်ငြိုးတွေဟာ ... ။
("ဇာနည်ဘွား (စက်မှု)" ရဲ့ "သံသေဓါး"၊ ၃ အုပ်တွဲသိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "သံသေဓါးရှင်၏နှလုံးသား"၊ ၄ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်ကောင်အမည်၊ ဇာတ်လမ်းဇာတ်ကွက် အားလုံးအတူတူပဲ ဖြစ်ပါတယ်။ "သံသေဓါး" ကို ၁၉၈၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚၃ အုပ်တွဲ