ဝမ်စန်းသိုင်းသမား "မာဖန်းယိ" ရဲ့ တပည့်နှစ်ယောက်ဖြစ်တဲ့ "ယန်ကြုံစိန်" နဲ့ "ဘွန်လိ" တို့ဟာ သူတို့ဆရာဆီ အလည်လာကြတဲ့ "ဖုန်စိန်" တို့ ဇနီးမောင်နှံဆီက "မိုးနှင်းဓါးနှစ်လက်" ကို သိုင်းလောကမှာ ကြွားဝါဖို့ ခေတ္တခိုးယူလာခဲ့ကြပါတယ်။
အဲဒီလို ခိုးယူလာစဥ် ဖေ့စံအိမ်ရှင် "ဖေ့ချိ" ရဲ့ လုယူခြင်းကိုခံခဲ့ရပြီးနောက် လူချင်းကွဲသွားခဲ့ရာက "ယန်ကြုံစိန်" က "ဖေ့ချိ" ရဲ့မြေးမလေး "ဖေ့ရှမ်းရှမ်း" နဲ့ ဆုံတွေ့ခဲ့သလို "ဘွန်လိ" က အမှောင်သိုင်းရာဇာ "ရွှေလက်ငွေလက် ကျိစိုရှမ်း" နဲ့ ဆုံတွေ့ခဲ့ပါတယ်။
ပင်ကိုယ်စိတ် မဖြူစင်တဲ့ "ဘွန်လိ" ဟာ ဓါးပျောက်သွားတဲ့အတွက် အပြစ်တင်ခံရမှာကို စိုးရိမ်မိရာကနေ "ကျိစိုရှမ်း" ရဲ့ တပည့်အဖြစ်ခံယူကာ ဆရာရင်း "မာဖန်းယိ" နဲ့ ပညာသင်ဘက် "ယန်ကြုံစိန်"ကို ပြန်ဒုက္ခပေးခဲ့ပါတယ်။
သိုင်းပညာညံ့ပေမယ့် စိတ်ထားဖြူစင်တဲ့ "ယန်ကြုံစိန်" ကတော့ အခက်အခဲအမျိုးမျိုးရဲ့ကြားမှာ ဆရာဖြစ်သူကို ကယ်တင်နိုင်ဖို့ ကြိုးစားနေစဥ် "ဖေ့ချိ" ရဲ့ ရတနာသိုက်ထဲက ဆေးတွေကို မမျှော်လင့်ဘဲ စားမိခဲ့တာကြောင့် အတွင်းအားတွေ တိုးပွားခဲ့ရသလို ဂူတစ်ခုထဲက ရရှိခဲ့တဲ့ "ရှန်မင်သိုင်းကျမ်းမဟာ" ကိုလည်း ဇနီးသည် "ဖေ့ရှမ်းရှမ်း" ရဲ့ အကူအညီနဲ့ တတ်မြောက်ခဲ့ပြီးနောက် ... ။
(စာစဥ် တစ်ပိုင်းစီကို နာမည်တစ်မျိုးစီနဲ့ ထုတ်ဝေလေ့ရှိတဲ့ ရှေးဟောင်းသိုင်းစာစဥ်တွေရဲ့ ထုံးစံအတိုင်း "မိုးနှင်းဓါးစာစဥ်တွဲ" မှာ "မိုးနှင်းဓါး"၊ "ဆန်းပြားထွေလာ သိုင်းကမ္ဘာ"၊ "သိုင်းလောက၏ ကျမ်းမဟာ"၊ "မိုးမြေသက်သေတည်ပါစေ"၊ "ရွှေလက်ငွေလက်စံအိမ်"၊ "သိုင်းလောက၏မဟာစိန်ခေါ်ပွဲ"၊ "သိုင်းလောက၏ချစ်သူများ" နဲ့ "အောင်ပွဲရမိုးနှင်းဓါး" ဆိုတဲ့ အပိုင်း ၈ ပိုင်း ပါဝင်ပါတယ်။)
📚 ၈ အုပ်တွဲ