"စေ့ချွမ်း" နယ်က သိုင်းအကျော်အမော် "ထန်ထန်းထုံ"၊ "လိန်လန်း" နယ်က သိုင်းအကျော်အမော် "အွန်အိလောက်"၊ ရှောင်လင်ကျောင်း က သမားတော်ကြီး "ဆေးတောင်" တို ရုတ်တရက် ပျောက်ဆုံးသွားကြပြီး သဲလွန်စအဖြစ် "ပုလဲအမိန့်" စာတန်းပါ ပုလဲတစ်လုံးစီသာ ကျန်ရစ်ခဲ့တဲ့အတွက် သိုင်းလောကမှာ အဖြေရှာမရတဲ့ ပဟေဠိတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။
မိခင်ပျောက်ဆုံးနေတဲ့ လူငယ်လေး "စို့ကျွီဟောင်" ဟာ သိုင်းလောကမှာ နာမည်ကျော်နေတဲ့ "ပုလဲအမိန့်" ပုလဲလုံးနဲ့ သူတို့ရဲ့ ဘိုးဘွားပိုင် ပုလဲတစ်လုံးကို တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့ရာမှာ အတူတူဖြစ်နေတာ တွေ့ခဲ့ရပြီး "ပုလဲအမိန့်" ရဲ့ လျှို့ဝှက်ချက်ကို သိရှိဖို အပေါင်ဆိုင်သူဌေးကြီး ရွှေပြားအိုး "ကျင်းခိုင်ထိုက်" ရဲ့အကူအညီနဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရုပ်ရည်ချောမောသလောက် သိုင်းပညာလည်း ထူးချွန်တဲ့ "စို့ကျွီဟောင်" ဟာ "ပုလဲအမိန့်" ပုလဲလုံးကို လျှို့ဝှက် သယ်ဆောင်လာတဲ့ "မျက်လုံးတစ်ဖက်လပ် အဖိုးအို" တစ်ဦးကို တွေ့လိုက်ရတဲ့အတွက် နောက်ယောင်ခံလိုက်ရင်း သူ့လိုပဲ စပ်စပ်စုစုနိုင်လှတဲ့ မိန်းကလေး "ဖန်းလူပင်း" နဲ့ ဆုံတွေ့ခဲ့ရသလို "ပုလဲအမိန့်" မှာ ပါဝင်ပတ်သက်နေတဲ့ "လျှို့ဝှက်လူတစ်စု" ရှိနေတာကိုလည်း သိရှိလာခဲ့ရပါတယ်။
အဲဒီနောက် "စို့ကျွီဟောင်" နဲ့ "ဖန်းလူပင်း" တို့ဟာ "ပုလဲအမိန့်" ကို သယ်ဆောင်လာသူ "မျက်လုံးတစ်ဖက်လပ် အဖိုးအို" နောက်ကို အဆင့်ဆင့် ခြေရာခံလိုက်ရင်း နောက်ဆုံးမှာ လျှို့ဝှက်လူစု ရဲ့ ဦးတည်ရာဟာ "လုံမေစန်း" ရွာက "ချွန်ဂေဟာ" ဖြစ်နေတာကို သိလိုက်ရတဲ့အတွက် "ပုလဲအမိန့်" ရဲ့ နောက်ထပ် ပစ်မှတ်ဟာ "ချွန်ဂေဟာ" သခင်ကြီး ရေငုပ်နဂါး "ချန်ဘွန်းဝှာ" ဖြစ်ကြောင်း သိရှိသွားခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ရေငုပ်နဂါး "ချန်ဘွန်းဝှာ" ဟာ "ဖန်းလူပင်း" ရဲ့ ဦးလေး တော်စပ်တာကြောင့် "လျှို့ဝှက်လူစု" ရောက်မလာမီ "ဖန်းလူပင်း" တို့လည်း "ချွန်ဂေဟာ" ကို ကြိုတင်သွားရောက်ကာ အကြောင်းစုံ ဖွင့်ဟတိုင်ပင်ခဲ့ကြပြီးနောက် "စို့ကျွီဟောင်" က "ချန်ဘွန်းဝှာ" အသွင် ရုပ်ဖျက်ကာ မေ့ဆေးမိဟန်ဆောင်ပြီး "လျှို့ဝှက်လူစု" ရဲ့ ခေါ်ဆောင်ရာကို လိုက်ပါသွားခဲ့ပါတယ်။
အဲဒီနောက် "စို့ကျွီဟောင်" ဟာ လျှိဝှက်လူစု ခေါ်ဆောင်သွားရာ "အသူရာချိုင့်ဝှမ်း" ထဲက "ချိုဂေဟာ" လို့ခေါ်တဲ့ "ပုလဲအမိန့်စခန်း" ကို ရောက်ရှိသွားခဲ့ပြီး ပျောက်ဆုံးနေတဲ့ သိုင်းအကျော်အမော်တွေနဲ့အတူ "အဆိပ်ဖြေဆေး" တစ်ခု ဖော်စပ်ပေးဖို့ အကျပ်ကိုင် စေခိုင်းခြင်းကို ခံခဲ့ရတဲ့အတွက် "စိုကျွီဟောင်" လည်း အဆိပ်ဖြေဆေးကို ဟန်ဆောင်ဖော်စပ်ပေးနေရင်း ဆေးခပ် ထိန်းချုပ်ခံထားရတဲ့ သိုင်းအကျော်အမော်တွေကို ကယ်တင်ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ သူ့နောက်က ခြေရာခံလိုက်လာတဲ့ ရေငုပ်နဂါး "ချန်ဘွန်းဝှာ" ကို "ပုလဲအမိန့်အဖွဲ့" က ဖမ်းမိသွားတာကြောင့် "ချန်ဘွန်းဝှာ" အတု အစစ်ပြသနာ ပေါ်ပေါက်လာခဲ့ပြီး အသတ်ခံရမယ့်ဆဲဆဲအချိန်မှာ "စို့ကျွီဟောင်" ကို "ရဲသုံးဖော်အဖွဲ့" က ကယ်ထုတ်သွားခဲ့ပါတယ်။
"စို့ကျွီဟောင်" ရဲ့ ကျေးဇူးနဲ့ အဆိပ်ပြေသွားတဲ့ သိုင်းအကျော်အမော်တွေအပါအဝင် "ထန်ဂေဟာ" ဦးဆောင်တဲ့ သိုင်းသမားတွေရဲ့ လက်ချက်နဲ့ "ပုလဲအမိန့်အဖွဲ" ပြိုကွဲသွားခဲ့ပေမယ့် "ပုလဲအမိန့်အဖွဲ" လက်ထောက်ခေါင်းဆောင်တွေဖြစ်ကြတဲ့ "ချိလင်ချဥ်" နဲ့ "နတ်ဒေဝီ" တို့ လွတ်မြောက်သွားခဲ့ကြပြီးနောက် "ပုလဲအမိန့်အဖွဲ့" ခေါင်းဆောင် ပေါ်ထွက်လာတဲ့အခါ ... ။
အပိုင်းတစ်ပိုင်းစီကို အမည်တစ်ခုစီ ပေးလေ့ရှိတဲ့ ရှေးဟောင်းသိုင်းစာစဥ်တွေရဲ့ ထုံးစံအတိုင်း "ပုလဲအမိန့်ရှာပုံတော်" စာစဥ်တွဲမှာ "ပုလဲအမိန့်ရှာပုံတော်"၊ "ပုလဲခြေရာဝင်္ကပါ"၊ "ပုလဲပုစ္ဆာအဖြေရှာ" နဲ့ "ပုလဲအမိန့်နိဂုံး" ဆိုတဲ့အပိုင်း ၄ ပိုင်း ပါဝင်ပါတယ်။
("စိုးမောင်မောင်" ရဲ့ "ပုလဲအမိန့်ရှာပုံတော်"၊ ၄ အုပ်တွဲသိုင်းစာစဥ်ဟာ "မောင်နှင်းဆွေ" ရဲ့ "ပုလဲရတနာဝင်္ကပါ"၊ လုံးချင်း သိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပြီး "ပုလဲအမိန့်ရှာပုံတော်" က ဇာတ်လမ်း ဇာတ်ကွက် ပိုမိုကျယ်ပြန့်ပါတယ်။ "ပုလဲအမိန့်ရှာပုံတော်" ကို ၁၉၈၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ပုလဲရတနာဝင်္ကပါ" ကတော့ ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၄ အုပ်တွဲ