သိုင်းလောကသားတွေ Page မှာ မကြာခဏ မေးမြန်းလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲဒါကတော့ ဝတ္ထုထဲက သိုင်းသမားတွေ ဘယ်က ဝင်ငွေရသလဲ၊ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းကြသလဲဆိုတဲ့ မေးခွန်းပါ။
မေးလည်း မေးချင်စရာပါ။ သိုင်းစာအုပ်တွေထဲမှာ သိုင်းလောကသားတွေဟာ အလုပ်မရှိ အကိုင်မရှိ နေရာအနှံ့ လှည့်လည်သွားလာကြတယ်၊ တည်းခိုခန်းတွေမှာ တည်းခိုကြတယ်၊ စားသောက်ဆိုင်တွေမှာ ဝင်ရောက်စားသောက်ကြတယ်။
ဒီအတွက် ဘယ်က ဝင်ငွေတွေရနေကြသလဲ၊ ဘာကြောင့် ဒီလို သုံးနိုင် စွဲနိုင်ကြတာလဲ။
ကျနော်ကတော့ ဒီမေးခွန်းကို အချက် ၂ ချက်နဲ့ ဖြေကြည့်ချင်ပါတယ်။
၁။ သိုင်းစာအုပ်အများစုဟာ ဒီမေးခွန်းအတွက် လုံလောက်တဲ့ အဖြေမရှိကြပါဘူး။ သိုင်းလောကသားတွေရဲ့ ကြိုးစားရုန်းကန်မှု၊ အနစ်နာခံမှု၊ စွန့်လွှတ်စွန့်စားမှု၊ ကောက်ကျစ်ယုတ်မာမှု စတာတွေကို အလေးပေးဖော်ပြကြပေမယ့် ဝင်ငွေရှာဖွေမှု အပိုင်းကိုတော့ လျစ်လျူရှုထားခဲ့ကြပါတယ်။ စာအုပ် ၁၀ အုပ်မှာ ၉ အုပ်လောက်က အဲဒီကိစ္စကို ထည့်သွင်းရေးဖွဲ့ထားခြင်း မရှိပါဘူး။
၂။ သိုင်းစာအုပ် အချို့မှာတော့ ဒီမေးခွန်းအတွက် အဖြေရှိပါတယ်။ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဒီမေးခွန်းရဲ့အဖြေကို ဇာတ်လမ်းတွေထဲမှာ ထည့်သွင်းရေးဖွဲ့ထားပါတယ်။
ဒီနေရာမှာ သိုင်းလောကသားတွေရဲ့ စားဝတ်နေရေး ဖြေရှင်းမှုကို ၂ မျိုး ထပ်ပြီး ခွဲခြားပြောရမှာဖြစ်ပါတယ်။ အဲဒါကတော့
(က) ဂိုဏ်းအလိုက် စားဝတ်နေရေးဖြေရှင်းမှု
(ခ) တစ်ဦးချင်း စားဝတ်နေရေးဖြေရှင်းမှု
သိုင်းဂိုဏ်းတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းတဲ့နည်းလမ်းတွေဟာ ဂိုဏ်းတစ်ခုချင်းစီရဲ့ ဂိုဏ်းအမျိုးအစား၊ မူဝါဒ ရပ်တည်ချက်တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။
အနက်ရောင်ဂိုဏ်းတွေရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ငွေကြေးယူပြီး လူသတ်ပေးတယ်၊ လောင်းကစားဝိုင်းတွေ ဖွင့်တယ်၊ ဆောင်ကြာမြိုင်တွေ ဖွင့်တယ်၊ လွှမ်းမိုးရာနယ်မြေတွေမှာ ဆက်ကြေးတောင်းတယ်၊ ဒုစရိုက်သမားတွေဆီက ခေါင်းပုံဖြတ်တယ်၊ ဓါးပြတိုက်တယ်၊ ငွေညှစ်တယ်။ ခြုံပြောရရင် ဝင်ငွေရဖို့အတွက် မကောင်းတာ အကုန်လုပ်ပါတယ်။
ဒါကြောင့် အနက်ရောင်ဂိုဏ်းဖြစ်စေ၊ အနက်ရောင်သိုင်းသမားဖြစ်စေ၊ သူတို့တွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပုံက ရှင်းလင်းပါတယ်။ မေးခွန်းထုတ်စရာ မရှိသလောက်ပါပဲ။
အဲ .. ဒါပေမဲ့ အဖြူရောင်ဂိုဏ်းကြီးတွေ၊ အဖြူရောင်သိုင်းသမားတွေရဲ့ စားဝတ်နေရေး ဖြေရှင်းပုံတွေကတော့ အနက်ရောင်ဂိုဏ်းတွေ၊ အနက်ရောင် သိုင်းလောကသားတွေလို မဟုတ်ပါဘူး။ သူတို့ဟာ မကောင်းမှုကို ဆန့်ကျင်ကြသူတွေ ဖြစ်တဲ့အတွက် သမ္မာအာဇီဝနည်းနဲ့ ဝင်ငွေရပုံကို ဖော်ပြဖို့ လိုအပ်လာပါပြီ။
သိုင်းဂိုဏ်းတွေရဲ့ စားဝတ်နေရေး ရပ်တည်မှုကိုကြည့်မယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို တွေ့ရ ပါတယ်။ ထင်ရှားတဲ့ ဂိုဏ်းကြီးတွေကိုပဲ ဥပမာပေးပါ့မယ်။
၁။ ကိုယ်ထူကိုယ်ထစနစ်
အဖြူရောင်ဂိုဏ်းတွေဟာ စားဝတ်နေရေးကို ဂိုဏ်းတွင်း အရင်းအမြစ်တွေ၊ ဂိုဏ်းသားတွေရဲ့ ပါဝင် ပံ့ပိုးမှုတွေနဲ့ ဖြေရှင်းကြပါတယ်။
ရှောင်လင်ဘုန်းတော်ကြီးတွေဟာ သိုင်းပညာလေ့ကျင့်မှုသာမက စိုက်ပျိုးရေးလည်း လုပ်ပါတယ်။ စားနပ်ရိက္ခာအတွက် ကိုယ်ထူကိုယ်ထ ပါဝင်ဆောင်ရွက်ကြပါတယ်။
ဝူတန်ရသေ့တွေဟာလည်း ရှောင်လင်ဘုန်းတော်ကြီးတွေလိုပဲ သိုင်းပညာလေ့ကျင့်မှုသာမက စိုက်ပျိုးရေးတွေလည်း လုပ်ပါတယ်။ ပိုးမင်းသားစာစဥ်မှာ ယွမ်ဖေးရန်ဟာ ဝူတန်တောင်မှာ ဝက်ကျောင်းရတာကိုထောက်ရင် မွေးမြူရေးပါလုပ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။
တောင်းရမ်းစားသောက်မှုနဲ့ အဓိကဖြေရှင်းပေမယ့် တချို့သော သူဖုန်းစားဂိုဏ်းသားတွေဟာ ချမ်းသာကြသူတွေပါ။ ဒါကြောင့် ဂိုဏ်းဝင်အချင်းချင်း အပြန်အလှန် ထောက်ပံ့မှုတွေလည်း ရှိပါတယ်။
၂။ အစိုးရထောက်ပံ့မှု
ဂိုဏ်းတချို့၊ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ဂိုဏ်းတွေဟာ ဘုရင်တွေ၊ နယ်စားတွေရဲ့ အသိအမှတ်ပြုမှုကိုရတဲ့အတွက် ထောက်ပံ့လှူဒါန်းမှုတွေ ရကြပါတယ်။
ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခုအနေနဲ့ ဘုရားကျောင်းတွေကို ထိန်းသိမ်းဖို့ လှူဒါန်းထောက်ပံ့ငွေတွေ ရရှိပါတယ်။ ဉာဏ်ကြီးရှင် ဝေရှောင်ပေါင်စာစဥ်မှာ ရှောင်လင်ကျောင်းတော်ကို ခန်းရှီးဘုရင်ရဲ့ ပံ့ပိုးလှူဒါန်းမှုတွေ အများအပြား တွေ့နိုင်ပါတယ်။
တာအိုဂိုဏ်းတစ်ခုအနေနဲ့ ဘုရားကျောင်းတွေကို ထိန်းသိမ်းဖို့ လှူဒါန်းထောက်ပံ့ငွေတွေ ရရှိပါတယ်။ ကျူးယွမ်ကျန်းဟာ ဝူတန်ဂိုဏ်းကို ထောက်ပံ့ခဲ့တဲ့ ဘုရင်တွေအထဲက တစ်ယောက်ပါ။
ခွန်းလွန်ဂိုဏ်းဟာလည်း အဖြူရောင်ဂိုဏ်းတစ်ခုဖြစ်တဲ့အားလျော်စွာ နယ်စားပယ်စားတွေရဲ့ ထောက်ပံ့ကူညီမှုကို ရပါတယ်။ ခွန်းလွန်ရသေ့သိုင်းစာစဥ်မှာ ကောက်ကျင်းနယ်စားက ခွန်းလွန်ဂိုဏ်းကို ရတနာသိုက်မြေပုံ ပေးအပ်ခဲ့ပါတယ်။
၃။ စီးပွားရေးလုပ်ငန်းများ
ဂိုဏ်း (သို့မဟုတ်) ဂိုဏ်းခေါင်းဆောင် အများအပြားဟာ အာမခံလုပ်ငန်း၊ ငွေလွှဲစာတိုက်လုပ်ငန်း၊ အပေါင်ဆိုင်လုပ်ငန်း တို့လို သိုင်းလောကနဲ့ စပ်ဆက်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက ပြုလုပ်ကြပါတယ်။ အဲဒီလိုပဲ ဂိုဏ်းအသီးသီးရဲ့ လွှမ်းမိုးရာနယ်မြေမှာရှိတဲ့ ဒေသခံ စီးပွားရေးသမားတွေဆီကလည်း ထောက်ပံ့မှု ရကြပါတယ်။ ဒါပေမဲ့ ထိပ်သီးဂိုဏ်းကြီးတွေကတော့ ကိုယ်တိုင်ကိုယ်ကျ စီးပွားရေးလုပ်တာ မတွေ့ရပါဘူး။
ပြင်ပရောက် ရှောင်လင်တပည့်တွေဟာ ရှောင်လင်ဂိုဏ်းအတွက် စားသောက်ဆိုင်၊ တည်းခိုခန်း၊ ပရဆေးဆိုင်၊ အပေါင်ဆိုင် စတဲ့ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်ပြီး ရန်ပုံငွေ ရှာပေးကြပါတယ်။ ရှောင်လင်မင်းသားလေးစာစဥ်မှာ ယိအိုင် တည်းခိုခန်းဟာ ရှောင်လင်ဂိုဏ်းက ပိုင်ဆိုင်ပါတယ်။
သူဖုန်းစားဂိုဏ်းသားတွေဟာ တစ်နေရာကနေ တစ်နေရာကို လှည့်လည်သွားလာရင်း သတင်းရောင်းချတဲ့အလုပ်ကို အခါအားလျော်စွာ ပြုလုပ်ပြီး ဝင်ငွေရှာကြပါတယ်။
ပထမတန်းအဆင့်မဟုတ်တဲ့ ဒုတိယတန်းစားနဲ့ တတိယတန်းစား ဂိုဏ်းတွေ၊ အဖွဲ့အစည်းတွေကတော့ သိုင်းသင်တန်းကျောင်းဖွင့်တာ၊ အာမခံဌာနဖွင့်တာ၊ အလုပ်လက်ခံတာမျိုးနဲ့ အဓိက ငွေကြေးရှာဖွေလေ့ ရှိကြပါတယ်။ ဥပမာတချို့ ပြောပြပါ့မယ်။
အတ္တကဲလွန် သိုင်းကျေးကျွန် စာစဥ်မှာ သမာဓိဂိုဏ်းဟာ နစ်နာသူတွေရဲ့ အကျိုးကို ဖြေရှင်းဆောင်ရွက်တဲ့အတွက် သူတို့ဆီက ငွေကြေးထောက်ပံ့မှု ရယူပါတယ်။
မိုက်မိုက်မဲမဲ စိန်ခေါ်သံ စာစဥ်မှာ ရွှေဓါးဂိုဏ်းဟာ အခကြေးငွေယူပြီး သိုင်းသင်ပေးပါတယ်။ ဂိုဏ်းသားတွေဆီက ဂိုဏ်းဝင်ကြေးတောင်းခံပါတယ်။
မိစ္ဆာဖယ်ရှား ဓါးသမားစာစဥ်မှာ ယို့ဟူးဂေဟာက သိုင်းပညာ၊ စာပေပညာ၊ ဂီတပညာတွေကို မြင့်မားတဲ့ ကျောင်းလခ ရယူပြီး သင်ကြားပေးပါတယ်။
၄။ မျိုးရိုးကြွယ်ဝမှု
တချို့သော အဖွဲ့အစည်းတွေဟာ မျိုးရိုးအလိုက် ပင်ကိုယ်ကြွယ်ဝချမ်းသာတာကြောင့် သိုင်းလောကထဲ ကျင်လည်ကျက်စားရာမှာ လိုအပ်တဲ့ အသုံးစရိတ် ငွေကြေးအတွက် တခြားသူကို မှီခိုအားကိုးစရာ မလိုပါဘူး။
တာ့လီနယ်က သွမ့်မိသားစုဟာ တော်ဝင်မျိုးနွယ်ဖြစ်တာနဲ့အညီ ဓနဥစ္စာ ခိုင်မာတောင့်တင်းပါတယ်။
ယူနန်နယ်က မုနန်းတော်ဟာလည်း ဓနဥစ္စာ ခိုင်မာတောင့်တင်းတဲ့ သိုင်းအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
မင်းမျိုးနွယ်က ဆင်းသက်လာတဲ့ မုရုံမိသားစုဟာ နိုင်ငံရေးအာဏာမရှိတော့ပေမယ့် ခိုင်မာတဲ့ ပစ္စည်းဥစ္စာနဲ့ နောက်ခံအင်အား ရှိပါတယ်။
ဟန်ကျိုးနယ်က ထန်မိသားစုဟာလည်း ငွေကြေးအင်အား ခိုင်မာတောင့်တင်းတဲ့အတွက် သိုင်းလောကအတွင်း ကျင်လည်ကျက်စားရာမှာ ကုန်ကျစရိတ်တွေကို ပူပန်စရာမလိုပါဘူး။
သိုင်းဝတ္ထုတွေမှာ တစ်ကိုယ်တော်သိုင်းသမားတွေရဲ့ ဝင်ငွေရပုံရနည်းကို ဦးစားပေး ထည့်သွင်းဖော်ပြမှုနည်းပါတယ်။ အများအားဖြင့် ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။ ဒါပေမဲ့ တချို့သော ဝတ္ထုတွေမှာတော့ သိုင်းသမားတွေရဲ့ ရုန်းကန်ရှင်သန်မှုကို တွေ့နိုင်ပါတယ်။
ဓါးဘုရင်၏ အတ္ထုပ္ပတ္တိစာစဥ်မှာ ယန်ဆယ်စန်းဟာ စားဝတ်နေရေးအတွက် ဓါးရိုးပေါ်က ကျောက်တွေကို ရောင်းစားခဲ့ရတယ်။ သိုင်းလောကမှသူရဲကောင်းများစာစဥ်မှာ ယန်ထိစင်းနဲ့ မုနန်ချင်းတို့ဟာ သိုင်းအလှပြကစားရင်း စားဝတ်နေရေး ဖြေရှင်းရတယ်။ ရှောင်လင်ကျောင်းမှသိုင်းဗေဒါစာစဥ်မှာ ရှောင်ယောင်ဟာ ချမ်းသာတဲ့မိသားစုဝင် သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ ကြွယ်ယန်နဲ့ ကြွယ်စင်းတို့ဆီက အထောက်အပံ့ယူခဲ့ရတယ်။ စိတ်ကူးထဲကသိုင်းလောကစာစဥ်မှာ တုအင်းဟောင်ဟာ လောင်းကစားဝိုင်းမှာ အကြွေးတင်ခဲ့တဲ့အတွက် လုံခြုံရေးအစောင့်အဖြစ် ပြန်လည်လုပ်ကိုင်ပေးရတယ်။ဇာတ်သမလေးသိုင်းမာယာစာစဥ်မှာ စုံကျင်းထင်တို့ ဇနီးမောင်နှံဟာ ပြဇာတ်အဖွဲ့ကို တည်ထောင်ပြီး လှည့်လည်ဖျော်ဖြေရင်း မန်ချူးတွေရဲ့ သတင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပို့ပေးရတယ်။
အများအားဖြင့် အဖြူရောင်သိုင်းလောကသားတွေဟာ ကောင်းသူကယ်၊ မကောင်းသူပယ် ကျင်လည်ကြတဲ့အတွက် သူတို့ကို လေးစားကြည်ညိုသူတွေ၊ ဒေသခံတွေ၊ ငွေကြေးပြည့်စုံသူတွေ၊ စီးပွားရေး သမားတွေဆီက ငွေကြေး အထောက်အပံ့တွေ၊ လိုအပ်တဲ့ အကူအညီတွေ ရကြပါတယ်။
သိုင်းလောကမောင်မယ်များစာစဥ်မှာ ကောကျင့်နဲ့ ဟွမ်းယုံတို့ဟာ သိုင်းလောကအစည်းအဝေးကျင်းပတဲ့အခါ လုမိသားစုက အကုန်အကျခံ စီစဥ်ပေးပါတယ်။ ရင်ကွဲလိပ်ပြာဂိုဏ်းစာစဥ်မှာ သိုင်းလောကထဲ လှည့်လည်သွားလာနေတဲ့ ပိုင်ယဲ့ချန်းတို့လူစုကို မြို့ခံသူဌေးကြီး ရှဲ့ကျူးက ထောက်ပံ့ပေးပါတယ်။ [တကယ်တော့ အကျိုးလိုလို့ ညောင်ရေသွန်းတာပါ]
စုံထောက်ဆန်ဆန် သွားလာလှုပ်ရှားတတ်တဲ့ လုရှောင်ဖုန့်၊ ဆင့်ဆင့်အိ၊ လုံဆင်ပိ၊ ချူလျူရှမ်း၊ ရှောင်မား စတဲ့ သိုင်းလောကသားတွေရဲ့ ရပ်တည်မှုကတော့ အလွန်ရှင်းပါတယ်။ သူတို့ဟာ သိမ်းငှက်လောက်ချစ်တို့လို အစိုးရ မှုခင်းဌာနတွေ၊ ဒါမှမဟုတ် အကူအညီတောင်းခံသူတွေဆီက လိုအပ်တဲ့ ငွေကြေးပံ့ပိုးမှုရကြပါတယ်။
အာမခံလုပ်ငန်း တည်ထောင်ထားတဲ့ သိုင်းလောကသားတွေအနေနဲ့လည်း ဝင်ငွေဘယ်ကရမလဲဆိုတာ မေးစရာမလိုလောက်အောင် ရှင်းပါတယ်။ ပြီးတော့ အဲဒါက ဂိုဏ်းတွေနဲ့ မဆိုင်ပါဘူး။ သီးခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုပါ။ သူတို့ဟာ အာမခံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သိုင်းသမားတွေပါ။ သိုင်းလောက ထိပ်သီးစာရင်းဝင် ဘယ်ဂိုဏ်းကြီးကမှ ဂိုဏ်းရန်ပုံငွေအတွက် အာမခံဌာနဖွင့်တယ်လို့ အထင်အရှားမရှိပါဘူး။ ဥပမာအားဖြင့် လင်ရွယ်ထူဟာ ရှောင်လင်ကိုယ်တော်ဟောင်းဖြစ်ပေမယ့် သူ့ရဲ့ မင်္ဂလာအာမခံဌာနကတော့ ရှောင်လင်ဂိုဏ်းနဲ့ မသက်ဆိုင်ပါဘူး။ [တပည့်ဟောင်းအနေနဲ့ အလှူငွေတော့ ထည့်ချင် ထည့်ပေမပေါ့]
ကြေးစားလူသတ်အဖွဲ့တွေ၊ ကြေးစားလူသတ်သမားတွေဟာလည်း ထို့အတူပါပဲ။ သူတို့ရဲ့ ဝင်ငွေရလမ်းကတော့ ပြောပြစရာမလိုလောက်အောင် ရှင်းလင်းပါတယ်။
တချို့သော အဖြူရောင် သိုင်းလောကသားတွေကတော့ ဘဝပေး အခြေအနေအရ အာမခံဌာနတွေမှာ ဝင်လုပ်တာ၊ မြို့စားတွေဆီမှာ သင်တန်းနည်းပြလုပ်တာ၊ စားသောက်ဆိုင်မှာ လုပ်ခြုံရေးတာဝန်ခံဝင်လုပ်တာမျိုးရှိကြပါတယ်။ ဒါပေမဲ့ များသောအားဖြင့် အဲဒါက အချိန်ပိုင်းအလုပ်ပါ။ အခိုက်အတန့်ကာလတစ်ခုပဲ လုပ်ကြတာပါ။ [အမြဲလုပ်နေမယ်ဆိုရင်တော့ သူတို့ကို ဝန်ထမ်းလို့ပဲ သတ်မှတ်ရမှာပါ။ မကောင်းသူပယ် ကောင်းသူကယ် သိုင်းလောကသား စစ်စစ်မဟုတ်ပါဘူး]
သိုင်းလောကထဲ လှည့်လည်သွားလာချိန် မဟုတ်တဲ့ကာလတွေမှာ စားဝတ်နေရေး ဖြေရှင်းပုံတွေကလည်း ကျိုးကြောင်းဆီလျော်ကြတာ များပါတယ်။ သိပ်ပြီး မေးခွန်းထုတ်စရာ မရှိပါဘူး။ ဥပမာ သိုင်းပညာသင်ယူစဥ် ကာလတွေ၊ အကြောင်းတစ်ခုခုကြောင့် ဇာတ်မြှုပ်နေထိုင်စဥ် ကာလတွေကို ဆိုလိုတာပါ။
အင်္လကာသိုင်းသမားစာစဥ်မှာ ဟွာရန်ဖူးနဲ့ ဟွာယွင်ရှန်တို့ သားအဖဟာ တံငါအလုပ်လုပ်ရင်း အေးအေး ဆေးဆေး နေထိုင်ကြပါတယ်။ လျှို့ဝှက်သိုင်းကျမ်းနှင့် သိုင်းသမားတိယုံစာစဥ်မှာ တိယုံဟာ ဆရာ၊ ဆရာတူညီမတို့နဲ့အတူ လယ်ထွန်ရင်း၊ စပါးစိုက်ရင်း၊ နွားကျောင်းရင်း နေထိုင်ခဲ့ပါတယ်။ သိုင်းလုလင်နှင့် သွေးစွန်းတမန်စာစဥ်မှာ လုဝေဟာ သိုင်းပညာပျက်စီးသွားပြီးနောက် ဟော်ရွှမ်းရွှမ်းနဲ့အတူ ပန်းရောင်းရင်း နေထိုင်ခဲ့ပါတယ်။ ချစ်မက်မပြေ သွေးသက်သေစာစဥ်မှာ ကျန်းပေါင်ဟာ တော်လှန်ရေးသမားအဖြစ် မလှုပ်ရှားချိန်မှာ ညီ၊ ညီမတွေနဲ့အတူ တောင်ယာလုပ်ပါတယ်။ သိုင်းသမားကျင့်ဝတ်စာစဥ်မှာ ပထမဓါး လုံဖွေးဟာ သိုင်းလောကကို ညဉ်းငွေ့သွားချိန်မှာ မြင်းလှည်းမောင်းသမားအဖြစ် အသက်မွေးပါတယ်။
တချို့သော သိုင်းစာစဥ်တွေမှာ ထင်ရှားတဲ့ အဖြူရောင်သိုင်းလောကသားတွေဟာ သူတို့ရဲ့ အရှိန်အဝါနဲ့ ကိုက်ညီတဲ့ အသုံးအစွဲတွေ၊ ဧည့်ခံစရိတ်တွေကို မရှာဖွေနိုင်တဲ့အတွက် နောက်ကွယ်မှာ မကောင်းမှုတွေတိတ်တဆိတ် လုပ်ကိုင်နေရပုံကို ဖော်ပြထားပါတယ်။
နိဂုံးချုပ်ပြောရရင်တော့ သိုင်းစာစဥ်တွေမှာ သိုင်းလောကသားတွေရဲ့ ဝင်ငွေရရှိပုံ၊ စားဝတ်နေရေး ဖြေရှင်းပုံတွေကို ထည့်သွင်းဖော်ပြမှု အားနည်းပါတယ်။ ဒါပေမဲ့ တချို့သောစာစဥ်တွေမှာ ထည့်သွင်းဖော်ပြချက်တွေအရ သိုင်းဂိုဏ်းကြီးတွေ၊ သိုင်းလောကသားတွေဟာ စားဝတ်နေရေးအတွက် အထက်ပါနည်းလမ်းတွေအတိုင်း ဖြေရှင်းကြတယ်လို့ ဆိုချင်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#သိုင်းလောကသားတွေဘယ်ကဝင်ငွေရ
#wikiwuxiathinelawka