"တာလိပြည်" က သမာဓိသိုင်းသမား "သွမ့်ဟူ" ရဲ့သား "သွမ့်ကျန်းမင်" ဟာ အဖြူရောင်သိုင်းသမားတွေနဲ့အနက်ရောင်သိုင်းသမားတွေ သိုင်းလောကထဲမှာ အေးချမ်းစွာ တွဲယှဥ်နေထိုင်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပြီး ထိပ်သီးသိုင်းလောကသားတွေ စုစည်းကာ "နဂါးစိမ်းဂိုဏ်း" ကို တည်ထောင်ခဲ့ပါတယ်။
သိုင်းလောကမှာ သီးခြားရပ်တည်နေတဲ့ "ဓားကျေးရွာ" က "ဓါးစံအိမ်သခင်" မြစိမ်းရောင်ဓါးသမား "ထင်းရှီယင်" ဟာ "ရှောင်ကျန်းမင်"၊ "ထင်းရှောင်ယင်" နဲ့ "ထင်းရှီ" ဆိုတဲ့ လူငယ်မျိုးဆက်သစ် တပည့် ၃ ဦးကို မွေးထုတ်ခဲ့ပြီး သူတို့ ၃ ဦးဟာ သိုင်းပညာရပ်တစ်မျိုးစီကို ထူးချွန်စွာ တတ်မြောက်ထားကြပါတယ်။
ထုံးစံအရ "ဓါးကျေးရွာ" က သိုင်းသမားလူငယ်တွေဟာ ပညာစုံတဲ့အခါ သိုင်းလောကထဲကို ၃ နှစ် ကျင်လည်ခွင့်ရှိပြီး ၃ နှစ်ပြည့်ခဲ့ရင်တော့ "ဓါးကျေးရွာ" ကို ပြန်လာရမှာဖြစ်သလို မလာလိုတဲ့ ဆန္ဒရှိခဲ့ရင်လည်း "ဓါးကျေးရွာမျိုးဆက်" အမည်မခံဘဲ အပြင်လောကမှာ အပြီးနေထိုင်ခွင့်ရှိပါတယ်။
ဒါကြောင့် အကြီးဆုံးတပည့်ဖြစ်သူ မုန်တိုင်းဓါး "ရှောင်ကျန်းမင် " ဟာ ပညာစုံတဲ့အခါ အတွေ့အကြုံရှာဖို့ "ဓါးကျေးရွာ" ကနေ သိုင်းလောကထဲ ဆင်းလာရင်း အများအကျိုးဆောင်ရွက်နေတဲ့ "နဂါးစိမ်းဂိုဏ်း" နဲ့ ပူးပေါင်းမိပြီး "ညနဂါးဂိုဏ်း" စတဲ့ အနက်ရောင် သိုင်းသမားတွေကို နှိမ်နင်းခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ လမ်းပေါ် ပေတေနေတဲ့ အလစ်သမား လူငယ်လေး "ကျားကြီး" နဲ့ "ကျားငယ်" တို့ဟာ အနက်ရောင် သိုင်းထိပ်သီး "နှင်းငွေ့မိစ္ဆာသခင်" ရဲ့ မွေးမြူသင်ကြားပေးမှုနဲ့ အရွယ်ရောက်လာတဲ့အခါ ငရဲဓါး "ဝမ်းတု" နဲ့ အမှောင်လက်ဝါး "ဝမ်းတ" အဖြစ် နာမည်ရလာပြီး "နှင်းငွေ့မိစ္ဆာသခင်" တည်ထောင်ထားတဲ့ "ခရမ်းရောင်သွေးလဂိုဏ်း" မှာ ထိပ်တန်းသိုင်းသမားတွေ ဖြစ်လာကြပါတယ်။
ဒီလိုနဲ့ နှစ်ကာလအတန်ကြာ ငြိမ်သက်နေခဲ့တဲ့ သိုင်းလောကဟာ "ကျန်းနန်မြို့" က သူဌေးကြီး "ကျန်းလီ" ရဲ့ "နေလသိုင်းကျမ်း" ကြောင့် ဂယက်ထ လှုပ်ရှားလာခဲ့ပြီး "ခရမ်းရောင်သွေးလဂိုဏ်း" ကလည်း ဂယက်ကို ပိုမိုကြီးထွားလာအောင် ကြိုးကိုင်လှုပ်ရှားခဲ့ပါတယ်။
"နဂါးစိမ်းဂိုဏ်း" က အလိုရှိနေတဲ့ သိုင်းလောကလူဆိုးတွေကို လိုက်လံဖမ်းဆီးရင်း "ဓါးမုဆိုး" လို့ အမည်ရလာသူ မုန်တိုင်းဓါး "ရှောင်ကျန်းမင်" ဟာ ငရဲဓါး "ဝမ်းတု" နဲ့ အမှောင်လက်ဝါး "ဝမ်းတ" တို့ကို ရင်ဆိုင်ခဲ့ရာမှာတော့ အားလုံး အသီးသီးဒဏ်ရာ ရရှိသွားခဲ့ကြပြီး "ရှောင်ကျန်းမင်" လည်း "ဓါးကျေးရွာ" ကို အသက်လုပြန်လာခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ အောက်ပိုင်းသေသွားတဲ့ "ရှောင်ကျန်းမင်" အတွက် လက်စားချေဖို့ နံပါတ် ၃ တပည့် "ထင်းရှီ" က သိုင်းလောကထဲ ဝင်ရောက်လာခဲ့ပြီး မျိုးဆက်သစ် သိုင်းသမားလူငယ်တွေ ဖြစ်ကြတဲ့ တင်းအိမ်တော်သခင်လေး "ကျင်းဖန်း"၊ စီးတုမိသားစု က တတိယ သခင်လေး "စီးတုမင်"၊ မိန်းကလေး "ရှောင်ရှောင်" တို့နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။
တကယ်တော့ "ဓါးကျေးရွာ" က ထွက်လာခဲ့တဲ့ "ထင်းရှီ" မှာ "ကျန်းရှောင်မင်" အတွက်လက်စားချေဖို့၊ "ကျန်းရှောင်မင်" ရဲ့ ရောဂါကို ကုသနိုင်မယ့် "အတွင်းအားစုပ်သိုင်းကျမ်း" ကို ရှာဖွေဖို့အပြင် တခြားတာဝန်တစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ "ကျန်းရှောင်မင်" နဲ့ သူ့ရဲ့မိခင် "ကျိဟွာ" တို့ကို စွန့်ပစ်သွားတဲ့ နဂါးစိမ်းဂိုဏ်းချုပ် "သွမ့်ကျန်းမင်" ကို တွေ့ဆုံသတိပေးဖို့ ဖြစ်ပါတယ်။
မမျှော်လင့်ဘဲ သူ့ရဲ့ မိတ်ဆွေသစ် မိန်းကလေး "ရှောင်ရှောင်" ဟာ "ပန်းနတ်သမီး" လို့ နာမည်ကြီးနေတဲ့ နဂါးစိမ်းဂိုဏ်းချုပ် "သွမ့်ကျန်းမင်" ရဲ့သမီး "သွမ့်ရှင်းရှောင်" ဖြစ်နေတာကြောင့် "ထင်းရှီ" လည်း "သွမ့်ကျန်းမင်" ကို အလွယ်တကူ တွေ့ဆုံစကားပြောခွင့် ရခဲ့သလို "မြစ်ဝါနဂါးဂိုဏ်း" လက်ထဲရောက်နေတဲ့ "အတွင်းအားစုပ်သိုင်းကျမ်း" ကိုလည်း ရင်ဆိုင်တိုက်ခိုက် ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ "ထင်းရှီ" ဟာ "အထီးကျန်ဓါးသိုင်း" ကို သင်ကြားခဲ့သူပီပီ ရန်သူကို ပြတ်ပြတ်သားသား ရှင်းလင်းတိုက်ခိုက်လေ့ရှိတဲ့အတွက် "အဖြူရောင်သွေးမိစ္ဆာ" အမည်နဲ့ သိုင်းလောကမှာ ထင်ရှားလာခဲ့ပြီး "ဝူတန်တောင်" မှာ ဇာတ်မြှုပ်နေတဲ့ အလယ်ပိုင်းဓါးဘုရင် "ကျန်းချန်းဟောင်" ကလည်း ကူညီသင်ကြားပေးခဲ့တဲ့အတွက် အဆင့်လွန် သိုင်းသမားတစ်ဦးဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ၂ နှစ်ခန့် အကြာမှာတော့ "ခရမ်းရောင်သွေးလဂိုဏ်း" ဟာ အလွန်ဆိုးသွမ်းလာခဲ့ပြီး သိုင်းလောကကို ချုပ်ကိုင်ဖို့ကြိုးစားလာသလို အနက်ရောင်သိုင်းပညာနဲ့ပတ်သက်လို့ ဒဏ္ဍာရီဆန်ဆန် နာမည်ကျော်ကြားလှတဲ့ "အမှောင်ကျေးရွာ" ကလည်း လှုပ်ရှားလာခဲ့တဲ့အတွက် သိုင်းလောက တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ပါတယ်။
"ခရမ်းရောင်သွေးလဂိုဏ်း" ဟာ သိုင်းပညာထူးချွန်လာတဲ့ "ထင်းရှီ" ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့ရာမှာတော့ မအောင်မြင်တဲ့အတွက် နောက်ဆုံးမှာ ရှင်းလင်းပစ်ဖို့ပဲ ကြိုးစားပါတော့တယ်။
အဲဒီနောက်မှာတော့ "ခရမ်းရောင် သွေးလဂိုဏ်း" ကိုနှိမ်နင်းဖို့ "နဂါးစိမ်းဂိုဏ်း" ဦးဆောင်တဲ့ အဖြူရောင်သိုင်းသမားတွေက "သွေးလဖျက်ဆီးသူအဖွဲ့" ကို ဖွဲ့စည်းခဲ့ကြပြီး "နှင်းငွေ့မိစ္ဆာသခင်" ဦးဆောင်တဲ့ "ခရမ်းရောင် သွေးလဂိုဏ်း" နဲ့ "သွေးလဖျက်ဆီးသူအဖွဲ့"၊ အဖြူရောင်သွေးမိစ္ဆာ "ထင်းရှီ"၊ သူတောင်းစားဂိုဏ်းချုပ် "စုတိချုံး" အပါအဝင် ထိပ်တန်းသိုင်းသမားတွေ "ကျုံးဟွာတောင်" မှာ ရင်ဆိုင်တွေ့ကြတဲ့အခါ ... ။
📚 လုံးချင်း