"ဟွာရှန်းတောင်ထိပ်" တိုက်ပွဲအပြီးမှာ ထူးဆန်းတဲ့ အဆိပ်တစ်မျိုးမိသွားတဲ့ မိုးပြာရောင်စာပေသမား "လီရှန်း" ဟာ ယောက္ခမလောင်း "သမားတော်ခြံဝန်း" ပိုင်ရှင် "ကျန်းစုမု" ရဲ့ လမ်းညွှန်ချက်အရ တိဗက်ပြည်၊ "ပူတာလကျောင်းတော်" က "ရေခဲကျောက်စိမ်းသီး" ကို သွားရောက်ခိုးယူခဲ့ပါတယ်။
ဒါပေမဲ့ "ရေခဲကျောက်စိမ်းသီး" က သူ့ကိုယ်တွင်းထဲက အဆိပ်ကို အကုန်အစင် ထုတ်မပေးနိုင်ခဲ့တဲ့အတွက် "လီရှန်း" လည်း "နှင်းနန်းတော်" က "နှင်းဝိဉာဥ်ဆေးလုံး" ကို ရဖို့ ဆက်လက်ကြိုးစားရပြန်ပြီး နောက်ဆုံးမှာ "နှင်းနန်းတော်" ရဲ့ စောင့်ရှောက်သူတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရင်း "လစန္ဒာ" အအေးအတွင်းအားကျင့်စဥ်ကို ၃ နှစ်ကြာ လေ့ကျင့်ခွင့်ရခဲ့ပါတယ်။
တချိန်တည်းမှာပဲ စိတ်ဝေဒနာခံစားနေရတဲ့ လိန်ဟူမြွေကတော် "လီယွင်ကျိ" က "ထန်စံအိမ်" က မီးခဲမလေး "ထန်ရှောင်ချင်း" ကို သူ့ရဲ့သမီးအမှတ်နဲ့ ပင်လယ်ဝါထဲက ကျွန်းတစ်ကျွန်းပေါ် ဖမ်းသွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လိန်ဟူမြွေကတော် ကို "ထန်ရှောင်ချင်း" ကိုယ်တိုင် သံယောဇဥ်ဖြစ်လာတဲ့အတွက် "လီယွင်ကျိ" စိတ်ကျန်းမာရေးကောင်းလာတဲ့အထိ ကျွန်းကလေးမှာနေထိုင်ခဲ့ပြီး ၃ နှစ်ကြာတဲ့အခါမှ ပြည်မကို ပြန်လာခဲ့ပါတယ်။
ပြည်မကို ပြန်ရောက်တဲ့အခါ "မီးခဲမလေး" ဟာ ချစ်ရသူ "လီရှန်း" ရဲ့သတင်းကို လိုက်လံစုံစမ်းခဲ့သလို "ကျန်းဝေဝေ"၊ "ကျန်းရှင်းရှင်း"၊ "စုကျင်းဝေ"၊ "ရှန်းမိန်" စတဲ့ မိန်းမလှလေးတွေကလည်း ပျောက်ဆုံးသွားတဲ့ "လီရှန်း" ကို တိဗက်ဒေသအထိ လိုက်လံရှာဖွေနေခဲ့ကြပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကထဲမှာတော့ "အဆိပ်ငရဲဂိုဏ်း" က "ဖိန်ရှင်းလိန်" ရဲ့ တပည့်၊ ငရဲတမန် အမှတ် ၄ "လုဝေ" ဟာ "ရှောင်လင်ကျောင်း" က "မီးစွဲဓါးသိုင်းကျမ်း" ကို သွားရောက်ခိုးယူရင်း "လော်ဟန်" အဆောင်မှူး "ရွှမ်းချီဆရာတော်" ရဲ့ လက်ချက်နဲ့ သိုင်းပညာတွေ ပျက်စီးသွားရပြီးနောက် "နတ်မင်းနှစ်ပါးဂိုဏ်း" က သခင်မလေး "ဟော်ရွှမ်းရွှမ်း" နဲ့လက်ထပ်ပြီး သာမန်လူအဖြစ် ပန်းရောင်းရင်း အေးချမ်းစွာ ဇာတ်မြှုပ်နေထိုင်နေခဲ့ပါတယ်။
ဒါပေမဲ့ တောင်ပင်လယ်ကျွန်းသခင် "ချန်ယုနန်" ဦးဆောင်တဲ့ "အနက်ရောင်မဟာမိတ်အဖွဲ့" ရဲ့လက်ချက်ကြောင့် ဇနီးဖြစ်သူ "ဟော်ရွှမ်းရွှမ်း" သေဆုံးပြီး "နတ်မင်းနှစ်ပါးဂိုဏ်း" ပျက်စီးသွားရတဲ့အခါ "လုဝေ" လည်း သိုင်းလောကထဲ တကျော့ပြန်ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
အတွင်းအားပြိုကွဲပြီး သိုင်းပညာပျက်စီးနေတဲ့ "လုဝေ" ကို အဓိပတိ ၈ ဦးမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ လူထူးဆန်းကြီး "ဖန်ရှောက်" က ဝိုင်းဝန်းကူညီပေးခဲ့တာကြောင့် မူလသိုင်းပညာနဲ့ အတွင်းအားပြန်ရခဲ့ပြီး "အနက်ရောင်မဟာမိတ်အဖွဲ့" ကို လက်စားချေဖို စတင် ကြိုးစားပါတော့တယ်။
အဲဒီလိုပဲ "ချောက်နက်ကြီး" ထဲက "မရဏအဖိုးအို" နဲ့ "ယွင်းဟိုတောင်" က "ဖန်လင်း"၊ "ဖန်ထင်း"၊ "ဖန်သောက်" အဖိုးကြီး ၃ ယောက်ရဲ့တပည့်ဖြစ်သူ "ရှောင်မင်း" ကလည်း ပညာစုံတဲ့အခါ "နဂါးဖြူဓါး" ကို ကိုင်စွဲပြီး "နှလုံးလှကြေးစား" အမည်နဲ့ အဖြူရောင်သိုင်းသမား အမည်ခံထားတဲ့ ဒုစရိုက်သမားတွေကို နှိမ်နင်းဖို့ သိုင်းလောကထဲ ဆင်းလာခဲ့ပါတယ်။
ဒါပေမဲ့ "ရှောင်မင်း" ဟာ "အဖြူရောင်ဓါးရဲတိုက်" က "ချောင်မျိုးနွယ်ညီနောင်" ကို နှိမ်နင်းရင်း "နှလုံးစားသွေးစုပ်လက်ဝါး" အရိုက်ခံရတဲ့အတွက် သေလုမျောပါး ဖြစ်ခဲ့ရပြီး "အဆိပ်ငါးပါးဂိုဏ်း" က ကင်းမြီးကောက်အလှမယ် "ကျိုးချင်းဟန်" က ကယ်တင်ခဲ့ရပါတယ်။
အဲဒီလို နောက်ခံအကြောင်း အမျိုးမျိုး၊ ရည်ရွယ်ချက် အသီးသီးနဲ့ သိုင်းလောကမှာ ကျင်လည်နေတဲ့ ထိပ်တန်း လူငယ်သိုင်းသမားတွေဖြစ်တဲ့ "လုဝေ" နဲ့ "ရှောင်မင်း"၊ ငယ်စဥ်ကတည်းက ဘဝမှန်ကို မသိခဲ့ဘဲ သိုင်းလောကသားအဖြစ် ကြီးပြင်းကျင်လည်ခဲ့ပြီး "ပြည်မနန်းတွင်း" ကရော၊ "တိဗက်နန်းတွင်း" ကပါ ဘုရင်တင်မြှောက်ချင်နေတဲ့ မင်းသားလေး "လုံ"၊ ပြည်မနန်းတွင်းမှာ ဘုရင့်နေရာကို လုယူဖို့ ကြိုးစားနေတဲ့ အမတ်ကြီး "ယွီ"၊ ဦးရီးတော် မင်းသားကြီး "ရှောင်" အတွက် လက်စားချေဖို ကြံစည်နေတဲ့ ညာလက်ရုံး "ဝမ်းဝေ"နဲ့ ဘယ်လက်ရုံး "ဆန်းလီ"၊ သိုင်းလောကကို စိုးမိုးဖို့ ကြံရွယ်လာတဲ့ "အနက်ရောင်မဟာမိတ်အဖွဲ့"၊ သိုင်းလောကမှာ ရုတ်တရက် တကျော့ပြန် ပေါ်ထွက်လာတဲ့ "အနီရောင်ဝတ်ရုံဂိုဏ်း" တို့နဲ့အတူ တရုတ်ပြည်ကြီးမှာ တော်ဝင်မိသားစုအရေး၊ နန်းတွင်းအရေး၊ သိုင်းလောကအရေး အရေးပေါင်းစုံ ရှုပ်ထွေးပွေလီလာခဲ့ပါတယ်။
ရောက်လေရာမှာ မျက်နှာများလေ့ရှိတဲ့ "လီရှန်း" တစ်ယောက်ကလည်း "တိဗက်ဒေသ" ကနေ ပြည်မ ကို ပြန်ရောက်လာပြီးနောက် "ကျန်းဝေဝေ"၊ "ကျန်းရှင်းရှင်း"၊ "စုကျင်းဝေ"၊ "ရှန်းမိန်"၊ "ရှန်းယွန်"၊ "ထန်းရှောင်ရှင်း"၊ "ယွဲချင်းထန်" စတဲ့ မိန်းမလှလေးတွေနဲ့ မေတ္တာရေး ရှုပ်ထွေးပွေလီလှပေမယ့် မိန်းကလေး အားလုံးသင့်သင့်မြတ်မြတ် ရှိနေကြတဲ့အတွက် သူ့ရဲ့ရှုပ်ထွေးမှုကတော့ စိတ်ချမ်းသာစရာကောင်းခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ပြည်မကြီးကတော့ နန်းတွင်းရေး မတည်ငြိမ်မှုတွေကြားထဲမှာ အိမ်နီးချင်း "မွန်ဂို" တွေက ကျူးကျော်တိုက်ခိုက်လာတဲ့အတွက် "သိုင်းလောကသား" တွေက နန်းတွင်းကို ကူညီခဲ့ရတဲ့အပြင် "တိဗက်ပြည်" နဲ့ "တာ့လီပြည်" ကိုပါ သံတမန်စေလွှတ် အကူအညီတောင်းခံခဲ့ရတဲ့အခါ ... ။
📚 လုံးချင်း