သိုင်းလောကရဲ့ ထိပ်သီးမိသားစု တစ်ခုဖြစ်တဲ့ "ကုန်းစွန်း" မိသားစု ရဲ့ သခင်မလေး "ကုန်းစွန်းယုံအော်" ဟာ သိုင်းလောကထဲ လှည့်လည်သွားလာရင်း သိုင်းပညာထက်မြက်တဲ့ လူယုတ်မာတစ်ယောက်ရဲ့ လက်ချက်နဲ့ အပျိုရည်ပျက်ခဲ့ရပါတယ်။
"ကုန်းစွန်းယုံအော်" က မွေးဖွားလာတဲ့ ကလေးငယ်လေးဟာ ရုပ်ရည်ဆိုးရွားတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားမှာလည်း အချိုးမကျတာကြောင့် ကုန်းစွန်းမိသားစု က ဂြိုဟ်ကောင်လေးအဖြစ် သတ်မှတ်ပြီး ရှင်းလင်းဖို ကြံစည်ခဲ့ပါတယ်။
ဒါပေမဲ့ "ကုန်းစွန်းယုံအော်" ရဲ့ အထိန်းတော်ကြီး "ဝူလိ" က ကလေးငယ်ကို အဝေးတစ်နေရာကို ခေါ်ဆောင်သွားပြီး ကျွေးမွေးပြုစုခဲ့တဲ့အတွက် မျောက်ကလေး "ဝူကျောင်း" အဖြစ် ကြီးပြင်းလာခဲ့ရပါတယ်။
"ဝူကျောင်း" ဟာ သိုင်းပညာသင်ကြားဖို ကောင်းမွန်တဲ့ ခန္ဓာကိုယ်အချိုးအဆစ် မရှိပေမယ့် ငယ်စဥ်ကတည်းက သိုင်းပညာကို အရူးအမူး စွဲလမ်းသူဖြစ်သလို အဖိုး "ဝူလိ" မသေဆုံးမီ ပြောပြသွားခဲ့တဲ့ သူ့ဘဝ ဇာတ်ကြောင်းကို သိလိုက်ရပြီးနောက် ကုန်းစွန်းမိသားစုအပေါ် နာကြည်းစိတ်ကြောင့် သိုင်းပညာကို သင်ယူလိုစိတ် ပိုမိုဖြစ်လာခဲ့ပါတယ်။
"ချွမ်ကျင်းဂိုဏ်း" က အဖိုးအိုတစ်ဦး သင်ပေးသွားတဲ့ အတွင်းအားကျင့်စဥ်ကို စွဲစွဲမြဲမြဲလေ့ကျင့်ခဲ့တဲ့အကျိုးကျေးဇူး၊ မြင်းဖြူရဲတိုက်ပိုင်ရှင် "ချမ်းမွန်ယု" လက်ဆောင်ပေးခဲ့တဲ့ "သိုင်းမှတ်စု" ရဲ့အစွမ်းတိုကြောင့် ထိပ်တန်းသိုင်းသမားတစ်ဦးဖြစ်မှန်းမသိ ဖြစ်လာရသူ "ဝူကျောင်း" ဟာ အတွင်းအားကို ထိန်းချုပ်နိုင်စွမ်းမရှိသေးတဲ့အတွက် လက်တွေ့ ရင်ဆိုင် တိုက်ပွဲတွေမှာ လူအများအပြားကို သတ်ဖြတ်မိခဲ့ပါတယ်။
ဒါကြောင့်လည်း သိုင်းလောကရဲ့ ဘုံရန်သူတစ်ယောက်လို သတ်မှတ်ခံခဲ့ရပြီး ကျောက်စိမ်းယပ်တောင်စာပေသမား "ကျင်းဟုတ်" ရဲ့ လက်ချက်နဲ့ အပြင်းအထန်ဒဏ်ရာရသွားခဲ့ပါတော့တယ်။
ဒဏ်ရာရသူ မျောက်ကလေးကို မုယုံမိသားစုသခင်မလေး "မုယုံချင်းချင်း" က ကယ်တင်ကုသပေးခဲ့တာကြောင့် အသက်ဆက်ရှင်ခွင့်ရသွားခဲ့သလို "ကျုံးနန်းစန်း" တောင် တစ်နေရာက ဂူတစ်ခုထဲမှာ "ချွမ်ကျင်း" ဂိုဏ်းချုပ်ဟောင်း "ဝမ်ကျုံးယန်" ရဲ့ သိုင်းပညာမှတ်တမ်းစာအုပ်ကို ရရှိလိုက်တာကလည်း သူ့ရဲ့သိုင်းပညာနဲ့ အတွင်းအားတွေကို တိုးတက်လာစေခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကထဲမှာ "ကိုးနဝင်းသခင်" အမည်ရှိ အနက်ရောင်သိုင်းသမားတစ်ယောက်က သိုင်းလောကကို စိုးမိုးဖို ကြိုးစားနေပြီး "ကျုံးနန်းစန်း" တောင်ပေါ်က ဆင်းလာတဲ့ "မျောက်ကလေး" က သူ့ရဲ့ သိုင်းပညာကို စမ်းသပ်တဲ့အနေနဲ့ "ကိုးနဝင်းသခင်" ရဲ့ "ကျင်းလိန်ဂိုဏ်းခွဲ" ကို သုတ်သင်ရှင်းလင်းပစ်လိုက်ပါတော့တယ်။
ဒီအခါ ဒေါသချောင်းချောင်း ထွက်နေတဲ့ "ကိုးနဝင်းသခင်" နဲ့ မျောက်ကလေး "ဝူကျောင်း" တို ရင်ဆိုင်မိခဲ့ကြပြီး "ကိုးနဝင်းသခင်" ရဲ့ လက်ချက်နဲ့ "မျောက်ကလေး" ချောက်ထဲပြုတ်ကျသွားတဲ့အခါ ... ။
📚 လုံးချင်း