လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သစ္စာဖောက်တပည့်တွေရဲ့ လက်ချက်နဲ့ သေလုမျောပါးဖြစ်နေရတဲ့ အနက်ရောင်သိုင်းလောကရဲ့ အရှင်သခင် မရဏနတ်ဆိုး "စင်းလုဟန်" ကို "စန်းလောင်ကျေးရွာ" က ရိုးသားလှတဲ့ သမားတော်လင်မယား က ကယ်တင်ကုသပေးခဲ့ပါတယ်။
သမားတော်လင်မယားမှာ "ကျန်းစန်းမော်" အမည်ရှိတဲ့ ကလေးငယ်တစ်ယောက်ရှိပြီး သူတို့မိသားစုဟာ "စင်းလုဟန်" ကို လူကောင်းတစ်ယောက်အဖြစ် ထင်မှတ်ယုံကြည်ခဲ့ကြတဲ့အတွက် "စင်းလုဟန်" ရဲ့ ပြင်ပဒဏ်ရာတွေ ပျောက်ကင်းသွားပြီးနောက် "စန်းလောင်ကျေးရွာ" မှာပဲ ၅ နှစ်ခန့် အေးအေးချမ်းချမ်း အတူနေထိုင်စေခဲ့ပါတယ်။
မူလသိုင်းပညာနဲ့ အတွင်းအားတွေ ပြန်မရတော့တဲ့ "စင်းလုဟန်" ဟာ နှစ်ရှည်စီမံကိန်းတစ်ခုကို ချမှတ်ခဲ့ပြီး "တရုတ်"၊ "မွန်ဂို"၊ "တိဗက်"၊ "တာ့လီ" တိုင်းပြည်တွေက ရက်စက်ကြမ်းကြုတ်တဲ့ "တားမြစ်သိုင်းကျမ်းတွေ"၊ "အဆိပ်ပညာကျမ်းတွေ" ကို နှစ်ပေါင်း ၃၀ လုံးလုံး လိုက်လံခိုးယူပြီး လျှို့ဝှက်နေရာတစ်ခုမှာ သိမ်းဆည်းထားခဲ့ပါတယ်။
အဲဒီနောက် အသက်အရွယ် ကြီးရင့်မှု၊ ဒဏ်ရာဟောင်းတွေရဲ့ နှိပ်စက်မှုကြောင့် ကျန်းမာရေးချူချာလာတဲ့ "စင်းလုဟန်" တစ်ယောက် "စန်းလောင်ကျေးရွာ" ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အညတရသမားတော်လေးဖြစ်နေတဲ့ "ကျန်းစန်းမော်" ထံ သူ့ရဲ့ "လျှို့ဝှက်မြေပုံ" ကို အပ်နှံကာ သေဆုံးသွားခဲ့ပါတော့တယ်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးတဲ့နောက် လူငယ်လေး"ကျန်းလိ" ဟာ ပကာသနကို မက်မောလှတဲ့ သစ္စာမဲ့ ချစ်သူနဲ့ သူ့ရဲ့အသိုင်းအဝိုင်းကြောင့် သေလုမျောပါးဖြစ်ခဲ့ရပြီး "နက္ခတ်ပညာ"၊ "ဆေးပညာ" နဲ့ "အဆိပ်ပညာ" ကို တတ်မြောက်ကြတဲ့ အဖိုးအိုညီနောင် ၃ ယောက်က ကယ်တင်ပေးခဲ့ကြပါတယ်။
ကိုယ်ခန္ဓာအနာတရတွေ ပျောက်ကင်းသွားပေမယ့် စိတ်ဒဏ်ရာ အနာတရတွေ ကျန်ရှိနေတဲ့ "ကျန်းလိ" ဟာ ဖခင်ဖြစ်သူထံက ရခဲ့တဲ့ မြေပုံအတိုင်း ရှာဖွေခဲ့ရာမှာတော့ မရဏနတ်ဆိုး "စင်းလုဟန်" ရဲ့ အဓိပတိသိုင်းကျမ်းတွေနဲ့ များပြားလှတဲ့ ရတနာပစ္စည်းတွေကို ရရှိခဲ့ပြီး အဖိုးအို ၃ ယောက်ရဲ့ အကူအညီနဲ့ "နဂါးစိမ်းဂိုဏ်း" ကို ထူထောင်ခဲ့ပါတယ်။
"ကျန်းလိ" ဟာ အတိတ်က အဖြစ်အပျက်တွေကြောင့် မိန်းကလေးတွေအပေါ် ယုံကြည်မှုနည်းပါးသွားခဲ့ပေမယ့် ဘုရင် "ချန်ကွမ်း" ရဲ့ သမီးတော် မင်းသမီး "ပိုင်ယိ"၊ "ပန်းတစ်ရာရဲတိုက်" သခင်မလေး "ဖန်းဖန်း"၊ အဖိုးအို "ပိုက်ထို" ရဲ့ မြေး မိန်းကလေး "ဖူးဖူး" ၊ "ချီလူမျိုးစု" ဒေသက မိန်းကလေးတွေဖြစ်တဲ့ "စုရှမ်း" နဲ့ "တာရှမ်း" စတဲ့ မိန်းမလှလေးတွေရဲ့ ချစ်ကြိုက်မှုကို ခံခဲ့ရပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကမှာ ရက်စက်ကြမ်းကြုတ်တဲ့ "အတုမဲ့ဂိုဏ်း" ပေါ်ထွက်လာခဲ့ပြီး သိုင်းဂိုဏ်းများစွာကို တိုက်ခိုက်သိမ်းပိုက်လာခဲ့သလို "အတုမဲ့ဂိုဏ်း" ကို နောက်ကွယ်က ကြိုးကိုင်နေကြသူတွေကလည်း တိုင်းပြည်အာဏာကို သိမ်းပိုက်ဖို့အထိ ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ကြိုးစားလာတဲ့အခါ ... ။
📚 လုံးချင်း