တချိန်က သိုင်းလောကမှာ "ကောင်းကင်ပျက်သုဥ်းခြင်းဓါး"၊ "အရိပ်ခုတ်ဓါး"၊ "ခွေးခေါင်းဖြတ် ကျောက်စိမ်းဓါး"၊ "မိုးမြေပိုင်းဖြတ်ခြင်းဓါး" နဲ့ "လောကပျက်သုဥ်းခြင်းဓါး" တို့ဟာ အထူးကျော်ကြားတဲ့ ဓါး ၅ လက် ဖြစ်ခဲ့ပါတယ်။
အနက်ရောင်သိုင်းသမားတစ်ယောက်ဟာ အဲဒီဓါးတွေကို လိုချင်တဲ့အတွက် "ဓါးစောရ" ကို ငွေကြေးပုံအောပြီး ခိုးယူခိုင်းခဲ့ပေမယ့် သူကိုယ်တိုင်လည်း ဓါး ၅ လက်ကို ပိုင်ဆိုင်ရခြင်း မရှိခဲ့သလို ဓါး ၅ လက်ဟာလည်း တစ်နေရာစီ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် ချန်အန်းမြို့က သိုင်းသင်တန်းကျောင်းပိုင်ရှင် "လီရှောင်ဝမ်" ဟာ ဘိုးဘွားအစဥ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ "ကောင်းကင်ပျက်သုဥ်းခြင်းဓါး" နဲ့ ချောမောလှပတဲ့ သမီးဖြစ်သူ "လီရှောင်ရင်" ကို အသုံးချပြီး သိုင်းလောကကို စိုးမိုးဖို့ ကြံရွယ်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ "လီရှောင်ဝမ်" ရဲ့ သင်တန်းသားတစ်ဦးဖြစ်သူ "လျှမ်စမ်းဖုန်း" က "လီရှောင်ဝမ်" ရဲ့သမီး "လီရှောင်ရင်" နဲ့ ချစ်ကြိုက်မိတဲ့အတွက် အကြံအစည်ကြီးကြံနေတဲ့ "လီရှောင်ဝမ်" က သဘောမတူဘဲ "လျှမ်စမ်းဖုန်း" ကို ရှင်းလင်းသုတ်သင် စေခဲ့ပါတယ်။
အဆိပ်အပ်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ "လျှမ်စမ်းဖုန်း" ကို "ဖီးနစ်နဂါးမောင်နှံ" လို့ခေါ်တဲ့ နဂါးမင်းသိုင်းသမား "ရှထင်း" နဲ့ "ယန်ယင်း" တို့က ကယ်တင်ကာ သိုင်းပညာသင်ပေးခဲ့ကြပါတယ်။
ဒီလိုနဲ့ သမီးဖြစ်သူရဲ့ အသက် ၂၀ မွေးနေ့ပွဲမှာ "လီရှောင်ဝမ်" က "ကောင်းကင်ပျက်သုဥ်းခြင်းဓါး" ကို ထုတ်ပြပြီး သိုင်းလောကကို စိုးမိုးမယ့် သူ့ရဲ့အကြံအစည်ကို စတင် အကောင်အထည်ဖော်ခဲ့ပေမယ့် "အော်မေဂိုဏ်း" က "အရိပ်ခုတ်ဓါး"၊ "ကယ်ပါဂိုဏ်း" က "ခွေးခေါင်းဖြတ် ကျောက်စိမ်းဓါး"၊ "ဝူတန်ဂိုဏ်း" က "မိုးမြေပိုင်းဖြတ်ခြင်းဓါး" တို့ကို အသီးသီးထုတ်ပြပြီး အံတုလာတဲ့အခါ ... ။
📚 လုံးချင်း