သိုင်းအကျော်အမော်တွေရဲ့ "ရှောင်စစ်တောင်" သိုင်းပြိုင်ပွဲအပြီးမှာ ရှောင်လင်ဆရာတော် "ရွှမ်းအိ" က သိုင်းလောက ပထမ၊ ဓါးသမား "ဝေထင်း" က သိုင်းလောက ဒုတိယ၊ "တာ့လီပြည်" က ဦးရီးတော် "တွမ့်ကျန်းချွမ်" က သိုင်းလောက တတိယ၊ နတ်လေးပါးဂိုဏ်းချုပ် "စီးမင်းကို့ဝေ" က သိုင်းလောက စတုတ္ထ စသဖြင့် အဆင့်အသီးသီး သတ်မှတ်ခံခဲ့ရပါတယ်။
"ရှောင်စစ်တောင်" ပြိုင်ပွဲမှာ တတိယရခဲ့တဲ့ "တာ့လီပြည်" က "တွမ့်ကျန်းချွမ်" ဟာ သူ့ရဲ့သားဖြစ်သူ "တွမ့်ကျွမ်းယန်" ကို သိုင်းလောကရဲ့ ဒုတိယ ဓါးသမား "ဝေထင်း" ထံ အပ်နှံကာ ဓားပညာသင်ကြားစေခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကျော်အကြာမှာတော့ "တာ့လီ" မင်းသားလေး "တွမ့်ကျွမ်းယန်" ဟာ အတွေ့အကြုံသစ်တွေ ရှာဖွေဖို့ ပြည်မ သိုင်းလောကထဲ ရောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကသားတွေဟာ သိုင်းလောကခေါင်းဆောင်ရွေးချယ်တဲ့ "ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ" ကို တတိယအကြိမ် ကျင်းပဖို့ ပြင်ဆင်နေကြပြီး သိုင်းလောက ရဲ့ ထိပ်တန်းစံအိမ်တွေဖြစ်တဲ့ "မုယုံစံအိမ်" နဲ့ "မိုးနန်းတော်" တို့ကလည်း တဝက်စီရထားတဲ့ "အဖိုးတန်သိုင်းကျမ်း" တစ်ခုကို အပိုင်လုဖို့ သိုင်းပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
အဲဒီပြိုင်ပွဲမှာ "မုယုံစံအိမ်" က အနိုင်ရခဲ့ပေမယ့် "အဖိုးတန်သိုင်းကျမ်း" ဟာ ရှောင်လင်ကျောင်း က ပျောက်ဆုံးသွားခဲ့တဲ့ "မီးစွဲဓါးသိုင်းကျမ်း" ဖြစ်နေခဲ့တာကြောင့် ရှောင်လင်ကျောင်းက ပြန်လည်သိမ်းယူသွားခဲ့ပြီး အဲဒီသိုင်းပြိုင်ပွဲကို အကြောင်းပြုလို့ "တွမ့်ကျွမ်းယန်" လည်း ပျံလွှားအဖိုးအို "စုန်ဝမ့်"၊ အပြုံးမျက်နှာ သူတောင်းစား "ပိုင်လုံ"၊ မုယုံစံအိမ် သခင်မလေး "မုယုံချန်းရှောင်း"၊ မိုးနန်းတော် သခင်မ "လီယင်းယင်း" တို့နဲ့ သိကျွမ်းခင်မင်ခဲ့ကြပါတယ်။
အဲဒီနောက် "တွမ့်ကျွမ်းယန်" တို့ လူစုဟာ သိုင်းလောက ကို စတင်စိုးမိုးလာတဲ့ "လျှို့ဝှက်ဂိုဏ်း" ကို စုံစမ်းဖို့နဲ့ ပျောက်ဆုံးနေတဲ့ ပျံလွှားအဖိုးအို "စုန်ဝမ့်" ရဲ့မြေးဖြစ်သူ ပျံလွှားမယ် "စုံချီရန့်" ကို ကယ်တင်ဖို့ "တိဗက်ဒေသ" နဲ့ "ရှီရှားဒေသ" ကို လူစုခွဲထွက်လာခဲ့ကြပြီး "တွမ့်ကျွမ်းယန်" တစ်ယောက် "စုံချီရန့်" ကို ကယ်တင်နိုင်ခဲ့ပေမယ့် နတ်လေးပါးဂိုဏ်းချုပ် "စီးမင်းကို့ဝေ" ရဲ့လက်ချက်နဲ့ ချောက်ထဲပြုတ်ကျသွားခဲ့ပါတယ်။
ဒါပေမဲ့ ကံအားလျော်စွာနဲ့ သူ့လိုပဲ အကောက်ကြံခံရပြီး ချောက်ထဲကျနေခဲ့တဲ့ "နတ်လေးပါးဂိုဏ်း" ရဲ့ အမှတ် ၁ ဂိုဏ်းချုပ် "တုံးဖန်းဟိုင်" က ကယ်တင်ပေးခဲ့တဲ့အပြင် "ထျန်းစန်း နတ်ဓါးသိုင်း"၊ "ပေမိန်နတ်သိုင်း"၊ "ရှောင်းယောင် အတွင်းအားပညာ" စတဲ့ အဆင့်မြင့် သိုင်းပညာပါ သင်ပေးခဲ့တဲ့အတွက် "တွမ့်ကျွမ်းယန်" ဟာ တတိယအကြိမ် "ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ" မှာ "စီးမင်းကို့ဝေ" ရဲ့သား "စီးမင်းကို့ချန်"၊ "ရှောင်လင်ဂိုဏ်း" က ရှောင်လင်လက်ဝါး "မင်စုထန်း"၊ "သူဖုန်းစားဂိုဏ်း" က အပြုံးမျက်နှာ "ပိုင်လုံ" တို့ကို အနိုင်ရပြီး သိုင်းလောက ရဲ့ နံပါတ် ၁ လူငယ်သိုင်းသမား ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် "တွမ့်ကျွမ်းယန်" တစ်ယောက် ချစ်သူ "မုယုံချန်းရှောင်း" နဲ့ အတူ "တာ့လီ" ပြည်ကို ပြန်ဖို့ ပြင်ဆင်နေစဥ် ဆရာဖြစ်သူ "တုံဖန်းဟိုင်" က သူ့ရဲ့ သမီး "လီယင်းယင်း" နဲ့ လက်ထပ်စေခဲ့ပေမယ့် "တာ့လီမင်းသား" တွေရဲ့ ထုံးစံအရ ကြင်ယာနှစ်ယောက် ထားလို့မရတာကြောင့် "တွမ့်ကျွမ်းယန်" လည်း ငြင်းဆန်ခဲ့ရပါတယ်။
ဒါပေမဲ့ သူ့ကို ချစ်နေကြတဲ့ "မုယုံချန်းရှောင်း" နဲ့ "လီယင်းယင်း" တို့နှစ်ဦးလုံးက အထင်လွဲပြီး ကိုယ်စီ နောက်ဆုတ်သွားကြတဲ့အတွက် စိတ်ထိခိုက်သွားခဲ့တဲ့ "တွမ့်ကျွမ်းယန်" ဟာ သူ့ကိုယ်ထဲက "အအေးဓါတ်အတွင်းအား" ကို မထိန်းချုပ်နိုင်ဘဲ ပြင်းထန်တဲ့အတွင်းဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အရေးပေါ်ကုသဖို့ "တာ့လီ" ပြည်ကို ပြန်သွားခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ "ထန်စံအိမ်"၊ "တောင်ပင်လယ်ဂိုဏ်း" စတဲ့ အနက်ရောင်အဖွဲ့အစည်းတွေနဲ့ "စီးရှ" ပြည် ရဲ့ ဦးရီးတော်ဖြစ်လာတဲ့ နတ်လေးပါးဂိုဏ်းချုပ် "စီးမင်းကို့ဝေ" တို့ သုံးပွင့်ဆိုင် မဟာမိတ်ဖွဲ့ပြီး သိုင်းလောကမှာ ထင်တိုင်းကြဲဖို့ ကြိုးစားလာကြသလို "မင်စုထန်း" နဲ့ "မုယုံချန်းရှောင်း" တို့ကလည်း ဘုရင့်မျိုးနွယ်တွေအဖြစ် နန်းတွင်းကို ရောက်ရှိသွားခဲ့ကြပြီး နန်းတွင်းရေးရော၊ သိုင်းလောက အရေးပါ ရှုပ်ထွေးပွေလီလာခဲ့ပါတယ်။
အချစ်ဦး "မုယုံချန်းရှောင်း" နဲ့ ဖူးစာလွဲခဲ့ရသူ မင်းသားလေး "တွမ့်ကျွမ်းယန်" ကတော့ "တာ့လီ" ပြည်ရဲ့ အိမ်ရှေ့စံဖြစ်ပေမယ့် ပြည်မကြီးရဲ့ သိုင်းလောက အေးချမ်းရေးအတွက် ဦးဆောင်ကာကွယ်ပေးသူ ဖြစ်လာခဲ့တဲ့အပြင် "လီယင်းယင်း"၊ "စုံချီရန့်"၊ "ကျိုးကျစ်ယွင်"၊ "ထန်စုစု" တို့လို မိန်းကလေးတွေရဲ့ အချစ်တော်ဖြစ်လာခဲ့ရပြီး နောက်ဆုံးမှာ "ထန်စုစု" နဲ့ လက်ထပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဘုရင်ကို ကြိုးကိုင်ထိန်းချုပ်ချင်တဲ့ "ထန်စံအိမ်"၊ ရည်မှန်းချက် ကြီးမားတဲ့ "မင်စုထန်း"၊ အာဏာပြန်ရဖို့ကြိုးစားနေတဲ့ နန်းကျဘုရင် ရဲ့သား "မင်းဝေဖုန်း" တို့ရဲ့ နန်းတွင်းအာဏာလုပွဲက သိုင်းလောကကိုပါ ရိုက်ခတ်လာခဲ့ပြီး ဂိုဏ်းပေါင်းစုံ အကွဲကွဲအပြားပြား ဖြစ်လာကြတာကြောင့် အိမ်နီးချင်း "တာ့လီ" ပြည်ငယ်လေး အေးချမ်းရေးအတွက် "တွမ့်ကျွမ်းယန်" လည်း ပါဝင်လှုပ်ရှားလာခဲ့ရတဲ့အခါ ... ။
📚 လုံးချင်း